၁၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
BBC သတင်းဌာနရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ထုတ်လွှင့်ခဲ့တဲ့ Panorama မှတ်တမ်းရုပ်ရှင်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင်ခဲ့တဲ့အမှုနဲ့ BBC ကို အသရေဖျက်မှုအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ ဘီလျံ (ပေါင်စတာလင် ၃ ဒသမ ၇ ဘီလျံ) ရလိုမှုနဲ့ ဒီဇင်ဘာလ ၁၅ ရက် က တရားစွဲခဲ့ပါတယ် (အချို့သတင်းဌာနများက နစ်နာကြေးကိုဒေါ်လာ ၁၀ ဘီလျံဟုပင် ရေးသားကြပါတယ်)။
ဖလော်ရီဒါပြည်နယ်မှာ အမှုဖွင့်တရားစွဲခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတွေအရ ထရမ့်ပ်က BBC ကို အသရေဖျက်မှုနဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ်ဥပဒေကို ချိုးဖောက်မှုတို့နဲ့ စွပ်စွဲခဲ့ပါတယ်။
BBC က နိုဝင်ဘာလအတွင်းက ထရမ့်ပ်ကို တောင်းပန်ခဲ့ပေမယ့် နစ်နာကြေးပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချခဲ့ပြီး အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုအတွက် အခြေခံအရင်းအမြစ် မရှိဘူးလို့ဆိုကာ ပယ်ချခဲ့ပါတယ်။
ထရမ်ပ့်ရဲ့ ရှေ့နေအဖွဲ့က BBC ဟာ ထရမ့်ပ်ရဲ့မိန့်ခွန်းကို ရည်ရွယ်ချက်ရှိရှိ၊ မကောင်းကြံပြီး လှည့်ဖြားကာ ပြုပြင်မွမ်းမံပြီး အသရေဖျက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ BBC ကတော့ တရားစွဲဆိုမှုကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမတိုင်မီက ယူနိုက်တက်ကင်းဒမ်းမှာ ထုတ်လွှင့်ခဲ့တဲ့ အဆိုပါမှတ်တမ်းရုပ်ရှင်အတွက် BBC ကို တရားစွဲဆိုဖို့ စီစဉ်ထားတယ်ဆိုတာ ထရမ့်ပ်က နိုဝင်ဘာလက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်လုပ်ရမယ်လို့ထင်တယ်” လို့ ထရမ့်ပ်က သတင်းထောက်တွေကို သူ့ရဲ့ အစီအစဉ်တွေအကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က “သူတို့လိမ်လည်ခဲ့ကြတယ်။ ကျွန်တော့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေကို ပြောင်းလဲအသံလွှင့်ပြီးလိမ်ခဲ့ကြတယ်။” လို့လည်းဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အဓိကရုဏ်းမဖြစ်မီ ထရမ့်ပ်က လူအုပ်ကို “ကျွန်တော်တို့ ကွန်ဂရက်လွှတ်တော်ကို လျှောက်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ အထက်လွှတ်တော်အမတ်တွေ၊ လွှတ်တော်အမတ် အမျိုးသားတွေ၊ အမျိုးသမီးတွေကို အားပေးကြမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
မိနစ် ၅၀ ကျော်အကြာ မိန့်ခွန်းမှာ သူက “ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ကြမယ်။ ငရဲလိုပဲ တိုက်ခိုက်ကြမယ်” လို့ ပြောကြားခဲ့ပါတယ်။
BBC ရဲ့ Panorama အစီအစဉ်မှာတော့ ဗီဒီယိုတစ်ခုမှာ ထရမ့်ပ်က “ကျွန်တော်တို့ ကွန်ဂရက်လွှတ်တော်ကို လျှောက်သွားကြမယ်… ပြီးတော့ ကျွန်တော်လည်း အဲဒီမှာ ခင်ဗျားတို့နဲ့အတူ ရှိနေမှာပါ။ ကျွန်တော်တို့ တိုက်ခိုက်ကြမယ်။ ငရဲလိုပဲ တိုက်ခိုက်ကြမယ်” လို့ ပြောကြားခဲ့တယ်လို့ ပြသခဲ့ပါတယ်။
BBC က တည်းဖြတ်မှုဟာ အကြမ်းဖက်လုပ်ရပ်အတွက် ထရမ့်ပ်က တိုက်ရိုက်တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ မှားယွင်းတဲ့ အထင်အမြင်ကို ပေးစွမ်းခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် အသရေဖျက်မှုဆိုင်ရာ စွပ်စွဲချက်အတွက် အခြေခံအကြောင်းရင်းဖြစ်တယ်ဆိုတာကို သဘောမတူခဲ့ပါဘူး။ နိုဝင်ဘာလမှာ ပေါက်ကြားခဲ့သော BBC ၏ အတွင်းပိုင်းမှတ်စုတစ်ခုက မိန့်ခွန်းကို ဘယ်လိုတည်းဖြတ်ခဲ့တာကို ဝေဖန်ခဲ့ပြီး BBC ရဲ့ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးနဲ့ သတင်းဌာနအကြီးအကဲ ဒီဘိုရာ တန်းနက်စ်တို့လည်း သူတို့ ရာထူးတွေမှ နုတ်ထွက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ထရမ့်ပ်က တရားစွဲဆိုမှုမပြုလုပ်မီ BBC ရဲ့ ရှေ့နေတွေက သမ္မတရဲ့ တောင်းဆိုချက်တွေအပေါ် ရှည်လျားစွာ တုံ့ပြန်ခဲ့ကြပါသေးတယ်။ သူတို့က “တည်းဖြတ်မှုမှာ မကောင်းတဲ့အကြံအစည်မရှိတဲ့အပြင် ထရမ့်ပ်ဟာ အစီအစဉ်ထုတ်လွှင့်ပြီး မကြာမီမှာ ပြန်လည်ရွေးကောက်ခံခဲ့ရလို့ ထိခိုက်မှုမရှိပါဘူး” လို့ ပြောခဲ့ကြပါတယ်။
ဒါ့ပြင် သူတို့က BBC ဟာ Panorama အစီအစဉ်ကို အမေရိကန်ချန်နယ်တွေမှာ ဖြန့်ဝေခွင့်မရှိတဲ့အပြင် ဖြန့်ဝေမှုလည်း မပြုခဲ့ဘူးဆိုတာ ပြောခဲ့ကြပါတယ်။ မှတ်တမ်းရုပ်ရှင်ကို BBC iPlayer မှာ ရရှိနိုင်သော်လည်း ယူနိုက်တက်ကင်းဒမ်းရှိ ကြည့်ရှုသူများအတွက်သာ ကန့်သတ်ထားတာလို့ ဆိုပါတယ်။
ထရမ့်ပ်က သူ့ရဲ့တရားစွဲဆိုမှုမှာ BBC ဟာ အခြားဖြန့်ဖြူးသူတွေနဲ့ အစီအစဉ်ပါ အကြောင်းအရာတွေကို ပြသဖို့ သဘောတူညီချက်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တက်ကင်းဒမ်း ပြင်ပရှိ မှတ်တမ်းရုပ်ရှင်အတွက် လိုင်စင်ရပိုင်ခွင့်ရှိတယ်လို့ စွပ်စွဲခံရတဲ့ ပြင်ပမီဒီယာကော်ပိုရေးရှင်းတစ်ခုနဲ့ သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ BBC က ဒီစွပ်စွဲပြောကြားမှုတွေကို တုံ့ပြန်မှုမရှိသေးသလို ဖြန့်ဖြူးရေးသဘောတူညီချက်နဲ့ ဆက်စပ်နေတဲ့ မီဒီယာကုမ္ပဏီကလည်း တုံ့ပြန်မှုမရှိသေးပါဘူး။
တရားစွဲဆိုမှုမှာ ဖလော်ရီဒါပြည်နယ်ရှိလူတွေဟာ VPN ဒါမှမဟုတ် BritBox Streaming ဝန်ဆောင်မှုကို အသုံးပြုပြီး အစီအစဉ်ကို ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ “Panorama မှတ်တမ်းရုပ်ရှင်ရဲ့ လူသိရှင်ကြားဖြစ်မှုနဲ့အတူ ဒီအစီအစဉ်စပြကတည်းက ဖလော်ရီဒါမှာ VPN အသုံးပြုမှု သိသိသာသာ မြင့်တက်လာတာက BBC က ဒီအစီအစဉ်ကို လုံးဝမဖယ်ရှားမီ ဖလော်ရီဒါပြည်နယ်သားတွေ ဝင်ရောက်ကြည့်ရှုခဲ့ဖွယ်ရှိတဲ့ အလားအလာအလွန်ကြီးမားတာ သက်သေပြနေတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
Ref-BBC
