၁၆.၁၂.၂၀၂၅
Written by Nay Yaung Lin
အစိုးရသစ်ဖွဲ့ရန် အချိန်တန်ပြီဖြစ်၍ ပါတီကို မကြည့်ဘဲ လူကိုကြည့်ပြီး မဲပေးစေချင်သည်ဟု မရမ်းကုန်းမြို့နယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့က ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးမှုအပြီးတွင် ပြောကြားခဲ့သည်။
မရမ်းကုန်းမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့သည် ယနေ့နံနက် ၉ နာရီက မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်ရှိ သမိုင်းဘူတာဈေးအတွင်း လက်ကမ်းစာစောင်များ၊ ပြက္ခဒိန်များဝေကာ မဲဆွယ်စည်းရုံးခဲ့သည်။
တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့က “ရွေးကောက်ပွဲလုပ်တာကို ကျွန်မ အရမ်းပဲ ကြိုဆိုပါတယ်။ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ အောင်မြင်မယ်လို့လည်း ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်ဖွဲ့ဖို့ အချိန်တန်ပါပြီ။ စာမျက်နှာအသစ်ဖွင့်နိုင်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် ကံကောင်းပါစေ။ တက်လာတဲ့သူတွေကလည်း ပါတီမကြည့်ဘဲ လူကိုသေချာကြည့်ပြီးတော့ မဲပေးစေချင်ပါတယ်။ မသိတဲ့လူကို မဲမပေးနဲ့ပေါ့။ တကယ်တမ်း ကိုယ့်နိုင်ငံအတွက် လုပ်ပေးနိုင်တဲ့သူ၊ အတွေ့ကြုံရှိပြီး ပညာရှိသူကိုသာ မဲပေးကြပါစေ” ဟု ပြောကြားသည်။
ထို့ပြင် မိမိအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် အိမ်ရှင်မများ အဓိကသွားလာကြသည့် ဈေးများတွင် လက်ကမ်းစာစောင်ဝေ၍ မဲပေးရန်စည်းရုံးသွားမည်ဖြစ်ပြီး ဟောပြောခြင်းများ၊ အသံချဲ့စက်အသုံးပြု မဲဆွယ်ခြင်းများ ပြုလုပ်သွားမည် မဟုတ်ကြောင်း ဒေါက်တာခင်ခင်ကျော့က ဆက်လက်ပြောကြားသည်။
“တစ်မဲရရ နှစ်မဲရရ ရပ်ကွက်တွေထဲ ဆင်းချင်တယ်။ အဲဒါကြောင့် တစ်ချို့တွေ ကျွန်မကို ပြန်ပြောတာ၊ ပြန်မေးတာလေးတွေက ပညာရတယ်။ လူထုက ဘာလိုလားလဲ ကျွန်မသိရတယ်။ အဲဒါကြောင့် ကျွန်မ ကြိုးစားပြီး ကွင်းဆင်းရပါတယ်။ ကျွန်မ တတ်နိုင်သလောက် လုပ်မှာပဲ။ လက်ကမ်းစာစောင်တွေလည်း ရိုက်ထားတယ်။ ဈေးတွေ လူစုံတဲ့နေရာတွေမှာ ဝေရမှာပဲ။ တွေဆုံပွဲကတော့ ကျွန်မအနေနဲ့ ကြီးကြီးကျယ်ကျယ် ဟောပြောတာမရှိပါဘူး။ အသံချဲ့စက်လည်း မဖွင့်ပါဘူး” ဟု ဒေါက်တာခင်ခင်ကျော့က ပြောကြားသည်။
ဆက်လက်ပြီး မရမ်းကုန်းမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်းရေး၊ အခြေခံလူတန်းစားများ စားဝတ်နေရေး ပြေလည်ရေး၊ အိမ်ငှားများနှင့် အိမ်မရှိသူများအတွက် အဆင်ပြေစေရေး၊ အမှိုက်ကိစ္စနှင့် အသံချဲ့စက် ကျယ်လောင်စွာမဖွင့်စေရေးတို့အတွက်လည်း ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆန္ဒနေရာတွင် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကလည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက်ကြီး ၁၀ ရပ်ကွက်ရှိပြီး မဲရုံစုစုပေါင်း ၁၁၅ ရုံခန့်ရှိကာ အသက် ၁၈ နှစ်အထက် ဆန္ဒမဲပေးနိုင်စုစုပေါင်း တစ်သိန်းရှစ်သောင်းခန့်ရှိကြောင်း မေးမြန်းမှုများအရ သိရသည်။






