၁၆.၁၂.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)က ဦးဆောင်ကျင်းပတဲ့ ၁၅ ကြိမ်မြောက်သက်ကြီးဂီတပညာရှင်များကန်တော့ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Dolphin ခန်းမမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးဆောင်ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲဟာဆိုရင် ၁၅ ကြိမ်မြောက်ရှိပါပြီ။ ဒီနှစ် သက်ကြီးပူဇော်ပွဲမှာတော့ ဂီတပညာရှင်တွေ ပိုမိုများပြားလာပါတယ်။ ဘယ်လောက်ပဲ လူတွေများများ ဂီတအစည်းအရုံးမှာ သတ်မှတ်ချက်လေးတွေရှိပါတယ်။ အသက် ၇၅ နှစ်ပြည့်ရုံတင်မဟုတ်ဘဲ ဂီတနဲ့ပတ်သက်ပြီး စံချိန်တွေ၊ ဂီတရဲ့သမိုင်းတွေနဲ့ ရွေးချယ်စိစစ်ပြီးမှ ပေးကြတာပါ။ အခြေအနေ ဒေသအကြောင်းကြောင်းကြောင့် နေရာအခက်အခဲကြောင့် လူဦးရေ ၃၆ ဦးကိုပဲ ဒီမှာကန်တော့ဖြစ်တာပါ”လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌဦးလွင်မြင့်က MT Entertainment ကို ပြောပါတယ်။






အဆိုပါ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က မုဒိတာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်က မုဒိတာစကားပြောကြားခြင်းအပြင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က ဥက္ကဋ္ဌ ဦးလွင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့သလို မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပြီး ဂီတပညာရှင်တွေဖြစ်တဲ့ ဝါးခယ်မရဲမောင်၊ အောင်ကိုလတ်၊ သန်းထွန်းလေး၊ ပိုးအိစံ၊ သွန်း၊ ဝင်းပပသိန်းတန် စတဲ့သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဝါရင့်အဆိုတော်ကြီးတွေဖြစ်တဲ့ အကန်တော့ခံပုဂ္ဂိုလ်တွေ အနေနဲ့ ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းမြတ်၊ စည်သူဒေါ်မြင့်မြင့်ခင်၊ စည်သူဒေါ်ထား၊ ရေနံ့သာဦးစိုးလှိုင်၊ စည်သူဒေါ်တင်တင်မြ၊ ဦးလွင်မြင့်၊ ဦးစိုးပိုင်၊ ဒေါ်နွဲ့ယဉ်ဝင်း၊ ချိုပြုံး၊ စိန်ဝင်းထွန်း၊ ဦးသန်းမြတ်စိုး၊ ကံ့ကော်တောမျိုးအောင်၊ ကေတုဝင်းထွဋ် စတဲ့ ၃၆ဦးကိုလည်း စင်မြင့်ပေါ်မှာ ကန်တော့ခဲ့ကြပါတယ်။







ကန်တော့ခံတွေကိုတော့ အသက် ၇၅ နှစ်ပြည့်ပြီး မဟာဂီတအလွှာ၊ ကာလပေါ်အလွှာ၊ ခေတ်ပေါ်လူငယ်
အလွှာ၊ ထုတ်လုပ်ဖြန့်ချိအလွှာ၊ ဂီတပညာရှင်များစက်မှုအလွှာတွေက သတ်မှတ်ထားတဲ့ ဂီတစံချိန်စံညွှန်းနဲ့ ကိုက်ညီသူ အယောက် ၁၅၆ ဦးကို အခြေအနေဒေသပေါ်မှာ မူတည်ပြီး အိမ်တိုင်ရာရောက် မြို့နယ်အနှံ့ လိုက်လံပို့ဆောင် ကန်တော့ပေးသွားမယ်လို့ သိရပါတယ်။
