◾️ ရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပုံကြီးချဲ့ ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ဟုပါ တုံ့ပြန်
၁၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှု အပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေလျက် ရှိသည်။
“အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” ဟု အသိပေးထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ်မှ ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း၌ ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက်ပြောဆိုလာသလို အဆိုပါ ပြောဆိုမှုကိုလည်း ပြည်ပရောက် Exile မီဒီယာများကလည်း အချိန်ကိုက် ဝါဒဖြန့်လှုံ့ဆော်နေခြင်းဖြစ်သည်။
