၁၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ ရန်လိုတိုက်ခိုက်မှုတွေကို မရပ်တန့်ကြဘူးဆိုရင် အမေရိကန်အစိုးရက နှစ်နိုင်ငံစလုံးအပေါ် ကုန်သွယ်စည်းကြပ်ခွန်တွေ ထပ်မံတိုးမြှင့်ကောက်ခံမယ်လို့ သတိပေးခဲ့တယ်လို့ The Wall Street Journal မှ ထုတ်ဝေခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်က တွေ့ဆုံမေးမြန်းပွဲမှာ “ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအသစ်ကို ဖြေရှင်းဖို့ ခင်ဗျားမလာခင် ဆယ်မိနစ်လောက်ကပဲ အခွန်ကောက်ခံမှုတွေ တိုးမြှင့်မှုကို ကျွန်တော်အသုံးပြုခဲ့တယ်။ ဒီတော့ သူတို့ စစ်ဆက်ဖြစ်နေကြမယ်ဆိုရင် သူတို့နဲ့ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ကျွန်တော်ကရပ်ဆိုင်းရုံသာမက သူတို့ နိုင်ငံတွေကို ကုန်သွယ်စည်းကြပ်ခွန်တွေ ထပ်မံတိုးမြှင့်ကောက်ခံမယ်လို့ ကျွန်တော် သူတို့ကို ပြောခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က”ဒီကိစ္စမှာ ငြိမ်းချမ်းရေးရဖို့ ကျွန်တော်ကလွဲလို့ ဘယ်သူမှ ဒီလိုလုပ်လို့မရဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ အဆိုအရ ကမ္ဘောဒီးယားနဲ့ ထိုင်းခေါင်းဆောင်တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေကြောင့် ၂၄ နာရီအတွင်း ရန်လိုမှုတွေ ရပ်တန့်ပြီး လက်ရှိငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အမေရိကန်ရဲ့ ဖိအားရဲ့ ထိရောက်မှုနဲ့ မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
ကုန်သွယ်စည်းကြပ်ခွန်တွေက နိုင်ငံတကာအငြင်းပွားမှုတွေအတွင်း ပြည်ပအစိုးရတွေကို ဖိအားပေးဖို့ ထိရောက်သောကိရိယာတစ်ခုဖြစ်ပြီး ထရမ့်ပ်အစိုးရ နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကကိရိယာတစ်ခုဖြစ်တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။ တကယ်လို့ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က သူချမှတ်ထားတဲ့ အခွန်တွေထဲက တချို့ကို တရားမဝင်ဘူးလို့ ကြေညာရင် အမေရိကန်အတွက် “ကြောက်စရာကောင်းတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
နှစ်နိုင်ငံကြား တင်းမာမှုတွေ လျော့ကျစေဖို့ လပေါင်းများစွာ သံတမန်ရေး ကြိုးပမ်းမှုတွေ ပေါ်ပေါက်လာပြီးနောက် အခုလို တင်းမာမှုတွေ မြင့်တက်လာတာပါ။ အောက်တိုဘာလမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းဝန်ကြီးချုပ်တွေဟာ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဘေးမှာ ထရမ့်ရဲ့ ရှေ့မှောက်မှာပဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီတယ်လို့ ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စာရွက်စာတမ်းမှာ နှစ်ဖက်စလုံးက တင်းမာမှုတွေကို လျှော့ချဖို့၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့နဲ့ အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ထူထောင်ဖို့ ကတိပြုထားပြီး ရေရှည်နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နောက်ထပ်ခြေလှမ်းတွေကို ဖော်ပြထားပါတယ်။
အဲဒီ ကတိကဝတ်တွေ ရှိနေပေမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရဲ့ အစိတ်အပိုင်းတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။
Ref -Khmer Times
