၁၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
အရှေ့ပစိဖိတ်ဒေသအတွင်း မူးယစ်ဆေးဝါးကုန်ကူးနေတယ်လို့ယူဆရတဲ့ ရေယာဉ်သုံးစင်းကို အမေရိကန် စစ်တပ်က ဒီဇင်ဘာလ ၁၅ ရက်မှာ တိုက်ခိုက်ခဲ့လို့ လူရှစ်ဦးသေဆုံးခဲ့ရတယ်လို့ အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုက အခုအထိ လူ ၉၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ အမေရိကန်တို့ရဲ့လက်ရှိစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်းဆိုကြပါတယ်။ ထောက်လှမ်းရေးသတင်းတွေအရ ရေယာဉ်တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေလို့ သိကြတဲ့ လမ်းကြောင်းတွေတစ်လျှောက် လှုပ်ရှားလည်ပတ်နေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က “ထောက်လှမ်းရေးသတင်းတွေအရ ရေယာဉ်တွေဟာ အရှေ့ပစိဖိတ်ဒေသရှိ မူးယစ်ဆေးဝါးကုန်ကူးမှုလို့ ယူဆရတဲ့ လမ်းကြောင်းတွေတစ်လျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါးကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေကြောင်း အတည်ပြုခဲ့တယ်”လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း ပထမရေယာဉ်မှ သုံးဦး၊ ဒုတိယရေယာဉ်မှ နှစ်ဦးနဲ့ တတိယရေယာဉ်မှ သုံးဦး စုစုပေါင်း မူးယစ်ဆေးဝါးအကြမ်းဖက်သမား အမျိုးသား ရှစ်ဦး သေဆုံးခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်ရဲ့ ဦးဆောင်မှုအောက်ရှိ အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု ပြုနေတယ်လို့ ယူဆရတဲ့ ရေယာဉ်တွေကို စက်တင်ဘာလ အစောပိုင်းကစလို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ရေယာဉ် ၂၆ စင်းကို ဖျက်ဆီးခဲ့ပြီး အနည်းဆုံး လူ ၉၅ ဦး သေဆုံးခဲ့ရပါတယ်။
တိုက်ခိုက်မှုတွေနဲ့အတူ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများစွာ ပါဝင်တဲ့ အမေရိကန်စစ်တပ် ကြီးမားစွာတည်ဆောက်မှုကို ကာရစ်ဘီယံ ပင်လယ်အတွင်းပြုလုပ်ခဲ့ပါတယ်။ သမ္မတထရမ့်ပ်က မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ ရည်မှန်းချက်ထားရှိတယ်လို့ အခိုင်အမာပြောခဲ့ပေမယ့် ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလာစ်မာဒူရိုကတော့ ဒီလုပ်ရပ်က ဇင်နီဗွဲလားအစိုးရ အပြောင်းအလဲဖြစ်စေဖို့လုပ်ဆောင်မှုအတွက် အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ သံသယရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။
ပထမဆုံးတိုက်ခိုက်မှုတွေထဲက တစ်ခုမှာဆိုရင် အမေရိကန်က ရေယာဉ်တစ်စင်းကို ပထမတစ်ကြိမ် တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်ခဲ့တာမှာ သေဆုံးခဲ့ကြရမှုက စစ်ရာဇဝတ်မှုတစ်ခုဖြစ်နိုင်ခြေရှိတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာစေတဲ့အထိ အငြင်းပွားဖွယ်ရာလုပ်ရပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ဟက်ဆက်ကတော့ ထိုဖြစ်ရပ်မှာ ဒုတိယအကြိမ်တိုက်ခိုက်ဖို့ သူ့အနေနဲ့အမိန့်မပေးဘဲ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဖရန့် ဘရက်လီရဲ့ အမိန့်ပေးဆောင်ရွက်မှုသာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
Ref : France 24
