သက်တံ့
၁၆. ၁၂. ၂၀၂၅
မက္ကဆီကိုနိုင်ငံအလယ်ပိုင်းတွင် တနင်္လာနေ့ (ဒီဇင်ဘာ ၁၅ ရက်)က အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းရင်း လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာမှ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မက္ကဆီကိုပြည်နယ် အရပ်ဘက် ကာကွယ်ရေး ညှိနှိုင်းရေးမှူး အဒ်ဒရီယန် ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် မက္ကဆီကိုစီးတီးမြို့၏ အနောက်ဘက် ၃၁ မိုင်ခန့်အကွာ တိုလူကာလေဆိပ်မှ သုံးမိုင်အကွာတွင်တည်ရှိသည့် စက်မှုဇုန်ဖြစ်သော ဆန်မာတီယို အာတန်ကိုစက်မှုဇုန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် မက္ကဆီကိုနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ အာကာပူကို (Acapulco) မြို့မှ ပျံတက်လာခဲ့ခြင်းဖြစ်သည်။
ဟာနန်ဒက်ဇ်က အဆိုပါ ပုဂ္ဂလိကဂျက်လေယာဉ်တွင် ခရီးသည် ၈ ဦးနှင့် လေယာဉ်အမှုထမ်း ၂ ဦး လိုက်ပါလာသည်ဟု စာရင်းသွင်းထားကြောင်း၊ သို့သော် ပျက်ကျပြီး နာရီအနည်းငယ်အကြာတွင် ရုပ်အလောင်း ၇ ခုသာ ပြန်လည်တွေ့ရှိခဲ့ပြီး သုံးဦးမှာ အစအန ရှာမရသေးကြောင်း ပြောကြားခဲ့သည်။
လေယာဉ်ငယ်သည် ဘောလုံးကွင်းတစ်ခုပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့ပုံရသော်လည်း အနီးနားရှိ ဂိုဒေါင်တစ်ခု၏ သတ္တုခေါင်မိုးကို တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဂိုဒေါင်တွင် လောင်စာဆီနှင့် ဓာတ်ငွေ့တိုင်ကီများ သိုလှောင်ထားသောကြောင့် အနီးနားရှိ အဆောက်အအုံများမှ လူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း မက္ကဆီကိုပြည်နယ် လုံခြုံရေးဝန်ကြီး ခရစ္စတိုဘယ် ကာစ်တာနီဒါက ထပ်လောင်းပြောကြားခဲ့သည်။
ဆန်မာတီယို အာတန်ကိုမြို့တော်ဝန် အေနာ မြူးနဇ်ကမူ အဆိုပါ မီးလောင်မှုကြောင့် ဒေသခံ ၁၃၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မီလီနီယို ရုပ်မြင်သံကြား (Milenio Television) သို့ ပြောကြားခဲ့သည်။
ဒေသခံတစ်ဦးဖြစ်သူ အော့တာဗီယို ကွန်ထရေးရက်စ်က “ပန်ကာကျွတ်ထွက်သွားသလိုပဲ လေယာဉ်က လည်သွားတယ်။ အဲဒီနောက်မှာ ပေါက်ကွဲသံကို ကြားရတယ်။ ကားတောင် လှုပ်သွားတယ်။ ပြီးတော့ မီးခိုးတွေ ထွက်လာတာကို တွေ့ရတယ်” ဟု ရှင်းပြခဲ့သည်။
အဆိုပါလေယာဉ်ငယ် ပျက်ကျမီးလောင်မှုကို တာဝန်ရှိသူများက အသေးစိတ် စိစစ်နေဆဲဖြစ်သလို ရှေ့နေချုပ်ရုံးကလည်း စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီဖြစ်ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။
Ref : AP
