သက်တံ့
၁၆. ၁၂. ၂၀၂၅
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားနှင့် အိန္ဒိယတို့အကြား နှစ်နိုင်ငံ နယ်မြေများပေါ်တွင် စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှုများ၊ စစ်သင်္ဘောများနှင့် လေယာဉ်များကို နှစ်ဦးနှစ်ဖက် အပြန်အလှန် ချထားရေးအတွက် အစိုးရအချင်းချင်း သဘောတူညီချက်ကို တနင်္လာနေ့တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။
နှစ်ဦးနှစ်ဖက် စစ်ရေးထောက်ကူဖလှယ်ရေး ( Reciprocal Exchange of Logistic Support -RELOS) ခေါ် ထောက်ပံ့ပို့ဆောင်ရေး အပြန်အလှန် လဲလှယ်ရေးဆိုင်ရာ သဘောတူစာချုပ်သည် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စစ်လက် နက်ပစ္စည်းများ ချထားရေးသာမကဘဲ ထောက်ပံ့ပို့ဆောင်ရေး ကူညီထောက်ပံ့မှုများကိုလည်း အကျုံးဝင်သည်။
RELOS သဘောတူစာချုပ်ကို နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် သင်တန်းများ ပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် လူတို့ဖန်တီးသော ဘေးအန္တရာယ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ပါးသက်သာစေခြင်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူထားသည့် အခြားအခြေအနေများအတွက် အသုံးပြုမည်ဖြစ်သည်။
၎င်း၏ အတည်ပြုချက်သည် နှစ်နိုင်ငံအကြား လေပိုင်နက်ကို အပြန်အလှန် အသုံးပြုခြင်းနှင့် စစ်သင်္ဘောများ ဆိပ်ကမ်းခေါ်ဆိုခြင်းတို့ကို ပိုမို ချောမွေ့လွယ်ကူစေမည် ဖြစ်သည်။
RELOS သဘောတူစာချုပ်ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လက်မှတ်ရေးထိုးခဲ့ခြင်းမှာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပူတင်က မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခု ဒီဇင်ဘာ ၁၅ ရက်တွင် ရုရှား၏ ပြည်တွင်းဥပဒေအဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သလို မူလစာချုပ်ကိုမူ အိန္ဒိယနှင့် ရုရှား နှစ်နိုင်ငံလုံး၏ သက်ဆိုင်ရာ ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များက နှစ်ဦးနှစ်ဖက် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
Ref: Xinhua
