၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း အမျိုးသမီးအရာရှိများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အမျိုးသမီးအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ဂုဏ်ပြု စစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများပေးအပ်ပြီး ဆက်လက်၍ သင်တန်းဆင်း အမျိုးသမီး အရာရှိများနှင့်အတူ မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့သည်။
