◾️ တပ်မတော်အနေဖြင့် တစ်နိုင်ငံတည်းသားချင်းစိတ်ဖြင့် စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေး သဘောထားကြီးပေးခဲ့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျောဖြေလျှော့ပေးမည်မဟုတ်
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် အချိန်တန်ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပတ်သက်ပြီး အလေးအနက်ထား ပြောကြားခဲ့ခြင်းသည် NCA စာချုပ်သည် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။




သို့သော် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာ ချိုးဖောက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် အချိန်တန်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တစ်နိုင်ငံတည်းသားချင်းဆိုသည့်စိတ်ဖြင့် အပြု သဘောဆောင်ပြီး စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေးသည့် တပ်မတော်၏ သဘောထားကြီးမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျောဖြေလျှော့ ပေးသွားမည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ကာလအတွင်း၌လည်း ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိရှိနေကြရန်လိုသည်ကို တိုက်တွန်း မှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
