◾️အဆိုပါ စီမံကိန်းများကို ယခင်အစိုးရသက်တမ်းတွင် အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ရသဖြင့် မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့် နောက်ကျခဲ့
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
တည်ဆောက်ရေး ရပ်နားထားသည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)အား မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်မှ အလေးထား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည် ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင်လည်း နိုင်ငံတကာ အဆင့်မီသည့် ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များ တင်ဆက်ပြသနိုင်သည့် အဆင့်ဖြစ်အောင် တည်ဆောက်သွားရန်လိုကြောင်း ယာယီသမ္မတ ပြောကြားသည်။
ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ခြင်းသည် မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်၍ နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။






ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများအနေဖြင့် ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းကာလတွင် လုပ်ငန်းဆက်လက် အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ရသဖြင့် အနုပညာရှင်များ၏ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့် နောက်ကျခဲ့ရကြောင်း သိရသည်။
ယခုအခါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်၍ မြန်မာ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ အမြန်ဆုံး ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
