◾️ နိုင်ငံတော်ဝန်ကြီးချုပ်သည် အီရန်နိုင်ငံသမ္မတနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်ကို ယနေ့ နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန် ကွန်ဂရက်စင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပန်းစည်းချ အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ နိုင်ငံတော်ဝန်ကြီးချုပ် ပါဝင်တက်ရောက်ခဲ့ရာ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ Mr. Serdar Berdimuhamedov က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ပန်းစည်းချ ဂုဏ်ပြုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ခေါင်းဆောင်များသည် တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ ဧည့်ခန်းမ၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် နိုင်ငံအလိုက်ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပသည့် အထိမ်းအမှတ်ဖိုရမ်အခမ်းအနားသည် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခါသမယနှင့်လည်း တိုက်ဆိုင်နေခြင်းကြောင့် ထူးခြားအရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို ကိုင်စွဲကျင့်သုံးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ရသည့်အချိန်တွင် နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ များကိုလည်း ဖိတ်ကြားထားသည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာ့ခ်မင်နစ္စတန် နိုင်ငံကတည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ယမန်နေ့တွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
