၁၂.၁၂.၂၀၂၅
Written by Linn Eain
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရပ်ကွက်/ကျေးရွာများအတွင်း အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသူများ မကျန်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မှားယွင်းမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အောင်တော်မူဘုရားဝန်းအတွင်းရှိ တာဝတိံသာတန်ဆောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးစဥ် မှာကြားခဲ့ကြောင်း သိရသည်။






ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေးခြင်း၊ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အတွင်း အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသူများ မကျန်ရှိစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး၊ မှားယွင်းမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးကြရန် မှာကြားပြီးနောက် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Unique ID နံပါတ်များကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများကကာယကံရှင်ပြည်သူများနှင့် ရပ်ကွက်ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးတို့အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
