◾️သေဆုံး၊ ဒဏ်ရာရရှိသူများသည် ပြည်သူများ မဟုတ်ဘဲ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ကို အားပေးထောက်ခံသူများသာဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝမ်းနည်းကြောင်း ရေးသားဖြန့်ဝေထားသည့် ဓာတ်ပုံသက်သေများနှင့်တကွ တုံ့ပြန်ထား
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို AA အကြမ်းဖက်သောင်းကျန်းသူများက ခိုအောင်းအခြေပြုပြီး စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE) နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင် သတင်းအမှန် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏တိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသ တစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦးဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် အဆောက်အဦများသာ ဖြစ်ကြောင်း ခိုင်လုံသောအမာခံသတင်းအရ သိရှိရသည်။
AAနှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့်အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင် အဖြစ် အခြေပြုထားသော စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံရခိုင်တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်။




ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်းပေးပို့မှုကြောင့် တပ်မတော်က လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ကာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့ အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အဦများကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိ၎င်းအကြမ်းဖက်သောင်းကျန်းသူများ ရေးသား ဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရ ၎င်းတို့အဖွဲ့မှ ဒဏ်ရာရရှိသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းရေးသားဖော်ပြမှုများကို တွေ့ရှိရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိသူများမှာ ပြည်သူများမဟုတ်ဘဲ အကြမ်းဖက်သောင်းကျန်းသူများနှင့် အားပေးထောက်ခံသူများသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် ၎င်းတို့ကို လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
