၁၂.၁၂.၂၀၂၅.
Translated by Htwe Ko Tun
ပစိဖိတ်အနောက်မြောက်ပိုင်းဒေသ၌ လေထုရေစီးကြောင်းဟုခေါ်သော ရာသီဥတုဖြစ်စဉ်ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ လယ်ယာမြေများကို ရေလွှမ်းမိုးစေသည့် ရေကြီးမှုများကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ရကြောင်း သိရသည်။
ပြည်နယ်အတွင်း အရေးပေါ်အခြေအနေကြေညာပြီး တစ်ရက်အကြာတွင် ပြည်နယ်၏ စိုက်ပျိုးရေး ဒေသရှိ အနည်းဆုံး လူ ၇၈,၀၀၀ ကို ရေကြီးမြေပြင်မှ ရွှေ့ပြောင်းရန် ပြောကြားခဲ့ရသည်။ PowerOutage.us ၏ အဆိုအရ ဒီဇင်ဘာလ ၁၁ ရက်ညတွင် အိမ်ခြေ ၁၂,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်ပိုင်းတွင် လေထုရေစီးကြောင်းဟုခေါ်သော ရာသီဥတုဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အလွန်စိုစွတ်သောလေ က ဒေသအတွင်း ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းစေခဲ့သည်။


ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ရေကြီးမှုများအတွင်းယာဉ်ကြောပိတ်ဆို့မှုကြောင့် အဓိက အဝေး ပြေးလမ်းမကြီး ၃၀ ကျော် ပိတ်ထားရကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ပြန်လှည့်ပါ၊ ရေမနစ်ပါစေနဲ့။ ရေကြီးနေတဲ့လမ်းတွေကိုဘယ်တော့မှ မမောင်းပါနဲ့။ရေကြီးနေတဲ့နေရာတွေကို ရှောင်ပါ။ ဒီနေရာတွေမှာ အပျက်အစီးတွေ၊ အခြားအန္တရာယ်တွေကို ဖုံးကွယ်ထားနိုင်ပြီး ရေစီးကြောင်းကလည်း ပြင်းထန်ပါတယ်” ဟု လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပေး ပြောကြားခဲ့သည်။
ဒေသခံကောင်တီဝက်ဘ်ဆိုက်တွင် မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြစ်ကမ်းပါးများ ကျိုးကျနိုင် ကြောင်း သတိပေးထားသည်။ မိုးရွာသွန်းမှု နှေးကွေးသွားသော်လည်း ပိုင်ယာ့စ် ခရိုင်တစ်ဝန်းတွင် မြစ်များနှင့် ချောင်းများစွာသည် ရေကြီးရေလျှံမှုအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်းသိရသည်။
တစ်ချိန်တည်းမှာပင် အမျိုးသားအစောင့်တပ်ကို ရဟတ်ယာဉ်များနှင့် လှေများဖြင့် လူများကို ဘေးကင်းရာသို့ ပို့ဆောင်ရန် ချထားခဲ့သည်။
Ref- DW News
