၁၂.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကာကွယ်ရေးအင်အားစုများနှင့် ပူးတွဲပြီး နိုင်ငံတော်တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ဦးစွာဆောင်ရွက်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လပွတ္တာမြို့နယ်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ကတိပြု ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးမြင့်ကြိုင်နှင့် လပွတ္တာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲကို လပွတ္တာမြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။




အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးမြင့်ကြိုင်က “ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲဝင်မဲ့ ဆောင်ပုဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ “ ပိုမိုခိုင်မာ ပြည်မြန်မာ” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ဘာဖြစ်လို့ ရွေးချယ်ပြီးတော့ ရွေးကောက်ပွဲဝင်ရသလဲဆိုရင် လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီးတော့ တရားဥပဒေစိုးမိုးဖို့အတွက် နိုင်ငံတော်အစိုးရ အားကြိုးမာန်တက်ဆောင်ရွက်နေတာဖြစ်တယ်။ တိုင်းပြည်မှာ အဖျက်တွေအမျိုးမျိုးတွေရှိတယ်။ ဒါကို ပြည်သူလူထုရဲ့ အင်အားကိုရယူပြီးတော့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့နေရာမှာ ကျွန်တော်တို့ ပါတီအနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုတွေနဲ့ ပူးတွဲပြီးတော့မှ နိုင်ငံတော်ကို တရားဥပဒေစိုးမိုးပြီးတော့မှ အေးချမ်းသာယာအောင် ဦးစွာဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုပါတယ် “ ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်သားများ ကြွေးမြီကင်းရှင်းပြီး မိသားစုလိုက် စီးပွားတောင့်တင်းလာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။






“ ဒါကြောင့် အခုရောက်ရှိလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူလူထုပေးအပ်တဲ့တာဝန်တွေကို ဆောင်ရွက်ဖို့အတွက် ဒီနေရာမှာ ရောက်ရှိလာပြီးတော့မှ ကတိသစ္စာပြုကြတာဖြစ်ပါတယ် ” ဟု ဦးမြင့်ကြိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် လပွတ္တာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းဆွေ၊ အမှတ်(၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးထိန်လင်း ၊ အမှတ်(၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးပြုံးချို၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးစန်းမင်း၊ အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း(PR) ဦးမျိုးဦးတို့က အသီးသီး မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ယင်းနောက် ပါတီစည်းရုံးရေးသီချင်းအား သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် မဲဆန္ဒရှင်များစုစုပေါင်း ၁၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
