၈. ၁၂. ၂၀၂၅
Written by Thettant
မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ခိုလှုံခွင့်ပေးမှုရပ်ဆိုင်းခြင်း၊ ပြန်လည်စိစစ်ခြင်းများကို လုပ်ဆောင်နေသော အမေရိကန်ပြည်ထောင်စုက ချင်းပြည်နယ်မြို့တော် ဟားခါး၏ ကျေးရွာတစ်ခုမှ အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သောဆယ်စုနှစ်ကျော်တစ်ခုက ရွှေ့ပြောင်းရောက်ရှိကာ အမေရိကန်နိုင်ငံသားဖြစ်နေပြီဖြစ်သော မြန်မာကိုယ်စားပြု UFC ချန်ပီယံ Joshua Van ကိုမူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ ဂုဏ်ပြုဖော်ပြလာသည်။
မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ Joshua Van သည် ယမန်နေ့က ကျင်းပခဲ့သော UFC 323 တွင် ဖလိုင်းဝိတ်ချန်ပီယံဆုကို လေးကြိမ်ကာကွယ်ခဲ့သော Alexandre Pantoja အား ပွဲအစ စက္ကန့် ၂၀ အကြာတွင်ပင် ဦးခေါင်းကန်သော ညာခြေကိုဖမ်းကာ တွန်းထုတ်ရာမှ Pantoja အောက်ခြေလွတ် အကျနာပြီး တံတောင်ဆစ် အဆစ်ပြုတ်ကာ အထိနာခဲ့သဖြင့် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ အာရှတိုက်နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသား UFC ဖလိုင်းဝိတ်ချန်ပီယံ၊ UFC ၏ ဒုတိယအသက်အငယ်ဆုံးချန်ပီယံနှင့် ဖလိုင်းဝိတ်ဘုရင်ကြီးပန်တိုဂျာကို ပထမဆုံး အလဲထိုးနိုင်သူအဖြစ် အမေရိကန်နိုင်ငံနှင့် ဇာတိမြန်မာနိုင်ငံကို ဂုဏ်တင့်စေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် အမေရိကန်သံရုံးက “ပြိုင်ဖက် အလက်ဇန္ဒြေ ပန်တိုဂျာကို အနိုင်ယူနိုင်ခဲ့သည့် ဂျော့ရှုအာဗန်အား အမေရိကန်သံရုံးက ဂုဏ်ပြုပါသည်။(သတ်ပုံမူရင်း)”ဟု ဂုဏ်ပြုဖော်ပြပေးခဲ့ခြင်းဖြစ်သည်။





