နေမိုး
၈. ၁၂. ၂၀၂၅
တရားမဝင် လေလှိုင်းအဖွဲ့အစည်းအဖြစ် လူသိများသော NUG (အမျိုးသားညီညွတ်ရေးအစိုးရ)ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်သည်ကို ယနေ့ကြေညာလာပြီး အဆိုပါပြင်ဆင်ဖွဲ့စည်းမှုတွင် အိသဉ္ဇာမောင်နှင့် ထင်လင်းအောင်ကလွဲ၍ ကိုယ်ကျိုးရှာမှုများဖြင့် နာမည်ပျက်သူအားလုံးလိုလိုပင် ပြန်လည်ပါဝင်လာခဲ့သဖြင့် ဝေဖန်မှုများပြားခဲ့သည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သော NUG တွင် မဲမသမာမှု၊ အဂတိမှုများဖြင့် ထောင်ကျနေသော ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်ပါဝင်နေပြီး ယာယီသမ္မတအဖြစ် ဒူဝါလရှီးလက ဆက်လက် တာဝန်ယူထားသည်။
ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းက တာဝန်ယူပြီး ယခင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဖြစ်ပြီး လူထုကို အဆိပ်ခတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ဒေါက်တာ ဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ် ခန့်အပ်ထားသည်။
ထို့အပြင် ဒေါ်ဇင်မာအောင်က မူလအတိုင်း နိုင်ငံခြားရေးဝန်ကြီး၊ မုဒိမ်းမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဆက်ကြေးကောက်မှု၊ သယံဇာတခိုးထုတ်မှု၊ မူးယစ်ဆေးမှုများဖြင့် နာမည်ပျက်လာနေသော PDF များ၏အဖွဲ့အစည်း ပသုံးလုံးများအနက် နာမည်ပျက်အဖွဲ့အစည်းတစ်ခုဖြစ်သော ပလဖကို ထိန်းချုပ်သူနှင့် ကိုယ်တိုင်ကလည်း မယားငယ်မှု၊ မိန်းမလိုက်စားမှုများဖြင့် နာမည်ပျက်ထက်သူ လွင်ကိုလတ်က ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ကျန်ရှိ နာမည်ပျက်အဖွဲ့အစည်းဖြစ်သော ပကဖနှင့် ပအဖကို ချုပ်ကိုင်ပြီး အရက်သေစာအလွန်အကျွံသောက်စားတတ်သူ ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီး၊ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး၊ ကျားဖြန့်ငွေလိမ်မှုဘဏ်အဖြစ် ဝေဖန်ခံနေရသော နွေဦးဘဏ်ကို စတင်ချုပ်ကိုင်သူ ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး၊ ကျပ်သိန်း ၂၀၀၀၀ ကျော် လိမ်လည်ခံရမှုကို ဖြေရှင်းမပေးဘဲ မသိကျိုးကျွံပြုနေသူ ဂျာထွယ်ပန်က ပညာရေးဝန်ကြီး၊ ဒေါက်တာ ရွှေပုံက ကျန်းမာရေးဝန်ကြီး၊ ဒေါက်တာ တူးခေါင်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ မယားငယ်မှုဖြင့် နာမည်ကျော်ဇောသူ ဦးသိန်းဦးက တရားရေးဝန်ကြီး၊ ဦးစိုးသူရထွန်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူထားပြီး ထိုတာဝန်ယူထားသူအများစုမှာ ပြည်သူများက တော်လှန်ရေးအတွက်လှူဒါန်းသောငွေများကို ကိုယ်ကျိုးသုံးမှု၊ စာရင်းမရှင်းနိုင်မှုများအတွက် တာဝန်ရှိသူများလည်းဖြစ်သည်။
ထို့အပြင် ယင်းတို့ကဲ့သို့ပင် တာဝန်ရှိသူများဖြစ်သည့် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်၊ ခူထဲဘူး၊ နိုင်ကောင်းရွက်၊ မိုင်းဝင်းထူး၊ မင်းဇေယျာဦး၊ ငိုင်းတမ်မောင်း၊ ဒေါက်တာခင်မောင်လွင်၊ ခွန်စောဖူး၊ မော်ထွန်းအောင်နှင့် ဘင်္ဂါလီအရေးလုပ်ဆောင်သူဘင်္ဂါလီလူမျိုးအောင်ကျော်မိုးနှင့် ပြည်ပရောက်အလုပ်သမားများထံမှ တောင်းခံငွေများဖြင့် ပြည်ပတွင်စားသောက်ဆိုင်ဖွင့် စီးပွားရှာသည်ဆိုသော ကျော်နီတို့က သက်ဆိုင်ရာဌာနအသီးသီးတွင် ဒုတိယဝန်ကြီးအဖြစ် နေရာယူထားသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သော NUG အစိုးရအဖွဲ့တွင် ဝန်ကြီး၊ ဒုဝန်ကြီး နေရာဦးထားပြီး အလုပ်လုပ်နိုင်စွမ်းမရှိသော ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုး၊ ဒေါ်နော်စူဇန်နာလှလှစိုး၊ ဦးမိုးဇော်ဦးနှင့် ပြည်သူ့အလှူငွေဖြင့် မျက်နှာပြုပြင်ကိုယ်ကျိုးသုံးသော အိသဉ္ဇာမောင်၊ Federal Wings ၏ ဒရုန်းစမ်းသပ်ထုတ်လုပ်ရေးစီမံကိန်းအတွက် အလှူငွေကို ကမ္ဘာပတ်ကောက်ခံသော်လည်း စာရင်းရှင်းလင်းနိုင်မှုမရှိသည့် ဦးထင်လင်းအောင်တို့ကို NUG က ဖြုတ်ချခဲ့သည်ကို တွေ့ရှိရသည်။
ထိုသို့ ကိုယ်ကျိုးရှာ နာမည်ပျက်ထွက်သူများဖြင့်ပင် ပြန်လည်ဖွဲ့စည်းလိုက်သည့်အပေါ် Pann Phyu Nwe Khaing အကောင့်ပိုင်ရှင် NUG ထုတ်ပြန်ချက်အောက်တွင်”NUG က ဝန်ကြီးတွေ ပြောင်းလဲခန့်အပ်တယ်ဆိုလို့ ဘယ်သူတွေများလဲလို့။ ဒီလူတွေက ဒီလူတွေပါပဲ။ နေရာလေးပဲ ပြောင်းလဲ ခန့်အပ်တာပဲရှိတာ။ ဒီလူတွေနဲ့ ၅ နှစ်ရှိပြီ။ ဘာမှဖြစ်မလာလို့ ဆဲနေရပါတယ်ဆို အခု ဒီလူတွေကိုပဲ ထပ်မြင်နေရဦးမယ်တဲ့။ ငါစိတ်ညစ်။ အဲ့လိုမဟုက်ဘဲ တော်တဲ့လူငယ်တွေ ဆွဲခေါ်လိုက်ရင် ခုံတွေကတွေ ဖယ်ပေးရမှာ ကြောက်ပြီး စားခွက်ပျောက်မှာများ ကြောက်နေကြတာလားပဲ။ ငါစိတ်ညစ်။ ဒီမိုကရေစီနဲ့အညီ ပြည်သူကိုရွေးချယ်ခိုင်းလိုက်ပါလား။ မရွေးချယ်ခိုင်းရဲကြဘူးလားဟ”ဟု လှောင်ပြောင်ရှုတ်ချသော အီမိုဂျီများဖြင့် ဝေဖန်ခဲ့သလို Nyi Phyo Tun အကောင့်ပိုင်ရှင်ကလည်း”ဒါလား Reform။ သိက္ခာလေးတွေ ရှိကြပါဦးဗျာ။ ပြည်သူနဲ့တော်လှန်ရေးကိုမျက်နှာမူပြီး မလုပ်နိုင်တဲ့သူတွေက ဆင်းပေးလိုက်ကြပါဗျ။ ဒီလူတွေနဲ့ကတော့ တော်လှန်ရေးကို ဘာများမျှော်လင့်လို့ ရဦးမလဲဗျာ။”ဟု မှတ်ချက်ပေးထားသည်ကိုလည်း တွေ့ရသည်။
