◾️ ယခုဘဏ္ဍာနှစ်အတွက် အစစ်အမှန်ဂျီဒီပီသည် ၂ ရာခိုင်နှုန်းခန့် ကျုံ့နေမည်ခန့်မှန်းထားပြီး လာမည့်ဘဏ္ဍာနှစ်တွင် ၃ ရာခိုင်နှုန်းခန့် အတန်အသင့် ပြန်တက်လာနိုင်ဟု သုံးသပ်ထား
၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ငွေကြေးဖောင်းပွမှု လျော့ကျလာသော်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေရဆဲဖြစ်၍ အိမ်ထောင်စုများ ငွေကြေးသုံးစွဲမှုအတွက် ခက်ခက်ခဲခဲဖြေရှင်းနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ယနေ့ ထုတ်ပြန်ထားသည့် မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လည်ပတ်မှုစွမ်းအားမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက မြင့်မားလာခဲ့ပြီး ယမန်နှစ်က သိသိသာသာ ထိုးကျခဲ့သော မြန်မာကျပ်ငွေ တန်ဖိုးသည် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလတစ်လျှောက် ဖြည်းဖြည်းမှန်မှန်ဖြင့် မြင့်တက်လာသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှု လျော့ကျလာသော်လည်း အလုံးစုံသော ကုန်ဈေးနှုန်းများသည် မြင့်တက်နေဆဲဖြစ်ရာ အိမ်ထောင်စုများအနေဖြင့် ဝင်ငွေ၊ ထွက်ငွေနှင့် ငွေကြေးသုံးစွဲမှုကိစ္စအတွက် ခက်ခက်ခဲခဲဖြေရှင်းနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ ကနဦးလက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာ ဆိုပေမဲ့ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေးနဲ့ ငွေကြေးလိုအပ်ချက်တွေ၊ ပြည်တွင်းပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ အပါအဝင် အတားအဆီးများစွာနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်” ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာ ဒါရိုက်တာ မယ်လင်ဒါဂွတ်ဒ်က ပြောကြားသည်။
၂၀၂၆ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အစစ်အမှန် ဂျီဒီပီသည် ၂ ရာခိုင်နှုန်းခန့် ကျုံ့နေမည်ဟု ခန့်မှန်းထားပြီး ယင်းသည် ယခင်က အနုတ် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့် ငလျင်ဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော ဒေသများအတွက် ဦးတည်ထားသည့် ပံ့ပိုးကူညီများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျှင် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ၃ ရာခိုင်နှုန်းခန့် အတန်အသင့် ပြန်တက်လာနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုသည် မကြာမီကာလတစ်ခုအတွင်း ၂၀ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေလိမ့်မည်ဖြစ်ပြီး နေထိုင်မှုစရိတ်များအပေါ် ဖိအားများလည်း ရှိနေမည်ဖြစ်သည်။ ပြန်လည်တည်ဆောက်မှုနှင့် ပတ်သက်သော သုံးစွဲမှုများ မြင့်တက်လာခြင်းကြောင့် ဘဏ္ဍာရေး စိန်ခေါ်မှုများ ဆက်ရှိနေမည်ဖြစ်သည်။
၂၀၂၆-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လိုငွေပြမှုသည် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိရှိမည်ဟု မျှော်မှန်းထားကာ ပြည်သူ့ကြွေးမြီသည် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဖြစ်ပြီး ပြည်တွင်း ငွေချေးယူမှုများလည်း မြင့်တက်နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

