◾ ပြည်ထောင်စုမပြိုကွဲရန်၊ ငြိမ်းချမ်းရေးရရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ထောင်စုအဆင့်ပါတီထူထောင်၍ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ပြောကြား
၈.၁၂.၂၀၂၅
Written by NYL
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အလံတော်အား အလေးပြုခြင်းတို့ ဆောင်ရွက်ပြီးနောက် တက်ရောက်လာသော ပါတီဗဟိုကော်မတီဝင်များနှင့် ပါတီဥက္ကဋ္ဌ၏ အကြံပေးတို့အား မိတ်ဆက်ခဲ့သည်။





ထို့နောက် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အမှာစကားပြောကြားခဲ့ပြီး ကျားဖြူပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းထွန်းလင်းမှ ကိုယ်စားလှယ်များအတွက် စည်းရုံးရေးကာလအတွင်း ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့က ပြည်နယ်အဆင့်လောက်မှာပဲ ပါတီလုပ်မယ်ဆိုရင် ဘာမှ ထူးခြားမှုမရှိဘူး။ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ ငြိမ်းချမ်းရေးရအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့လုပ်နိုင်ရမယ်။ လုပ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တစ်နိုင်ငံလုံးကို ပြိုင်နိုင်ရမယ်။ အဲဒီတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီကို ပယ်ဖျက်လိုက်ပြီးတော့ အသစ်ပြန်တင်လိုက်တယ်။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ အသစ်ဖွဲ့စည်းခဲ့တယ်။ ရှမ်းနဲ့ တိုင်းရင်းသားအားလုံး၊ ဗမာအပါအဝင် တိုင်းရင်းသား ၁၃၅ မျိုးပါတဲ့ ပြည်ထောင်စုပါတီကို ကျွန်တော်တည်ထောင်လိုက်တာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ကျားဖြူပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဇော်မှ ကိုယ်စားလှယ်လောင်းများအား ပါတီအောင်နိုင်ရေးအတွက် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျားဖြူပါတီအနေဖြင့် နေပြည်တော်၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျားဖြူပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၆ ဦး လျှောက်ထားခဲ့ပြီး ၁၀ ဦးအပယ်ခံရသဖြင့် စုစုပေါင်း ၅၇၆ ဦးဖြင့် အဆိုပါတိုင်းနှင့်ပြည်နယ်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့သည်။
အဆိုပါကိုယ်စားလှယ်လာင်းများမှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၇၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃၇ ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်း ၈ ဦးတို့ ဖြစ်ကြသည်။







