◾ ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ပစ်ခတ်မှုများ ပြန်လည်စတင်ပြီးနောက် အပြန်အလှန်စွပ်စွဲ
၈.၁၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ စတင်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဝရီက ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အခြားနိုင်ငံက ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ကမ္ဘောဒီးယားဘက်က ဆက်လက်တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံဟာ နေရာအတော်များများရှိ ကမ္ဘောဒီးယားစစ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ရေးအတွက် လေကြောင်းတပ်ဖွဲ့တွေကို ချထားခဲ့တယ်လို့ ဗိုလ်ချုပ် ဝင်းထိုင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြောခဲ့ကြပါတယ်။ ဗိုလ်ချုပ် ဝင်းထိုင်းကလည်း တိုက်ပွဲတွေမှာ ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဝင်းထိုင်းက နံနက် ၅ နာရီ ၅ မိနစ် ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ဥဘွန်ရတ်ချသာနီပြည်နယ်၊ နမ်ယွမ်ခရိုင်၊ ချုံအန်မာနယ်မြေမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။ တော်ဝင်ထိုင်းလေတပ်က နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကမ္ဘောဒီးယားပိုင်နက်အတွင်းရှိ စစ်ဘက်အဆောက်အအုံတွေကိုပဲ ပစ်မှတ်ထားခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်နိုင်ပြီး ထိုင်းနယ်စပ်ဒေသအတွက် ခြိမ်းခြောက်မှုဖြစ်စေတဲ့ ကမ္ဘောဒီးယားစစ်တပ်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်ချုပ် ဝင်းထိုင်းက ဆိုပါတယ်။
ဗိုလ်ချုပ်ဝီထိုင်းရဲ့အဆိုအရ ကမ္ဘောဒီးယားစစ်သားတွေရဲ့ ဒီမနက် ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုပါတယ်။
တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ ဒေသတွေက လူပေါင်း ၃၅,၀၀၀ ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်တိုင်းဒေသမှ ကြေညာချက်တစ်စောင်က ဖော်ပြခဲ့ပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးမာလီဆိုချီတာက ထိုင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၈ ရက်နံနက်မှာ ပရိဗီဟာနဲ့အော့ဒါမိန်ချိုင်းနယ်စပ်ပြည်နယ်တွေရှိ ကမ္ဘောဒီးယားတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ထိုင်းတပ်ဖွဲ့တွေဟာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားစေဖို့ ရည်ရွယ်ချက်နဲ့ ရက်ပေါင်းများစွာ ရန်စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပြီးနောက် ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရတယ်လို့ သူမက ပြန်လှန် ပြောကြားခဲ့ပါတယ်။
Ref- Bangkok Post
