၈. ၁၂. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံဘက်ခြမ်းကို ကုန်စည်များမှောင်ခိုပို့ရန်ကြိုးပမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းအရ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံသို့ ဘိလပ်မြေမှောင်ခိုပို့ရန် ကြိုးပမ်းနေသူ ၈ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကမ်းခြေစောင့်တပ်ဖွဲ့မှ မီဒီယာအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆီယမ်-အူလ်-ဟက်က သတင်းပေးပို့ချက်များအရ ကော့ဘဇားရ်ရှိ ဘက်ခါလီမြစ်ဝအနီးတွင် ဒီဇင်ဘာ ၆ ရက်ကူးစ နံနက် ၁၂ နာရီခန့်က အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပြောသည်။
ထိုစစ်ဆင်ရေးအတွင်း အာဏာပိုင်များက သံသယဖြစ်ဖွယ် ငါးဖမ်းလှေတစ်စီးကို ရှာဖွေခဲ့ရာ ခန့်မှန်းခြေ တာကာငွေ ၁၈၇,၅၀၀ တန်ဖိုးရှိ ဘိလပ်မြေ အိတ် ၃၇၅ အိတ် ကို သိမ်းဆည်းရမိခဲ့သလို လှေပေါ်ပါလာသည့် သံသယရှိ မှောင်ခိုသမား ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“သိမ်းဆည်းရမိတဲ့ လှေ၊ ဘိလပ်မြေအိတ်တွေနဲ့ ဖမ်းဆီးထားသူ ၈ ဦးကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ဆီယမ်-အူလ်-ဟက် က ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းမှုကို ကမ်းခြေစောင့်တပ်ဖွဲ့က ဖော်ထုတ်ပြီးနောက် ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ မီဒီယာအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆီယမ်-အူလ်-ဟက်က ဒီဇင်ဘာလ ၆ ရက် စနေနေ့ညတွင် ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
၎င်းက လျှို့ဝှက်သတင်းအရ ဘက်ခါလီမြစ်ဘေးပတ်ဝန်းကျင်ဒေသ၌ အထူးစစ်ဆင်ရေးတစ်ရပ်ကို ဒီဇင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်က ထပ်မံပြုလုပ်ခဲ့ကြောင်း ပြောသည်။ ထိုစစ်ဆင်ရေးအတွင်း သံသယဖြစ်ဖွယ် ငါးဖမ်းလှေတစ်စီးကို ရှာဖွေခဲ့ပြီး သံသယရှိ မှောင်ခိုသမား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် အကောက်ခွန်နှင့် အခွန်များကို ရှောင်ရှားရန်အတွက် မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ရန် ကြံစည်သည်ဟု ယူဆရသော နေ့စဉ်သုံးပစ္စည်းများနှင့် ဆေးဝါး အမြောက်အမြား၊ ခန့်မှန်းခြေအားဖြင့် တာကာငွေ ၇ သိန်းတန်ဖိုးရှိ ကုန်စည်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော လှေ၊ သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။ မှောင်ခိုမှုများကို တားဆီးရန်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ယခုကဲ့သို့ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် ရခိုင်ပြည်နယ်မြို့နယ်အများစုကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ထိန်းချုပ်ပြီးနောက် မြန်မာပြည်မနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုပြတ်တောက်သွားခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း အကြမ်းဖက်လက်နက်ကိုင် AA နှင့် ဆက်သွယ်လိုမှုမရှိသဖြင့် ကုန်စည်ကူးသန်းမှု ရပ်ဆိုင်းလိုက်သည်တွင် ရခိုင်ပြည်သူများမှာ AA ပေးသောဒုက္ခကို ရင်စည်းခံနေရသလို ထိုအကျပ်အတည်းကို အသုံးချလိုသော ဝိသမလောဘသားများကလည်း မှောင်ခိုကုန်သွယ်မှုများဖြင့် အကျိုးအမြတ် ရှာဖွေနေကြသည်။
Ref : TBS & Daily Star
