၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများတွင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးခဲ့ပြီး CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားတွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ်ကြပ်မတ် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့အပြင် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိ အမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။





