၈. ၁၂. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံတွင် ရေရှည်နေထိုင်ခွင့်လက်မှတ်ဖြင့် နေထိုင်သူ အသက် ၁၅ နှစ်အရွယ် မြန်မာနိုင်ငံသူတစ်ဦးသည် ‘Kpod’ ဟု လူသိများသော တားမြစ်ကန့်သတ် မူးယစ်ဆေး Etomidate ပါဝင်သည့် E-Vaporiser (အီလက်ထရောနစ် အခိုးအငွေ့ထုတ် ကိရိယာ (E-Cigarette or Vape)) တစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့ရှိရသဖြင့် စင်ကာပူမှ နှင်ထုတ်ခံရမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခံရမည်ဖြစ်သည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန (MHA) နှင့် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) တို့က ယနေ့ ဒီဇင်ဘာ ၈ ရက် (တနင်္လာနေ့) တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါ ဆယ်ကျော်သက်၏ ရေရှည်နေထိုင် ခွင့်လက်မှတ် (Long-Term Visit Pass) ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (ICA) က ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ မြန်မာဆယ်ကျော်သက် မိန်းမငယ်သည် Kpod များကြောင့် ၎င်းတို့၏ ရေရှည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးကို ရုပ်သိမ်းခံရမည့် ပထမဆုံး နိုင်ငံခြားသား ဖြစ်ကြောင်း သိရသည်။
သူမသည် စင်ကာပူရဲအရာရှိများ၏ နိုဝင်ဘာ ၁၄ ရက်မတိုင်မီ ပုံမှန်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ရေရှည်နေထိုင် ခွင့်လက်မှတ် (Long-Term Visit Pass) ကို ရုပ်သိမ်းခံခဲ့ရသော်လည်း ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဆက်လက်လုပ်ဆောင်မည့် စုံစမ်းစစ်ဆေးမှုများကို ကူညီနိုင်ရန်အတွက် အထူးနေထိုင်ခွင့်လက်မှတ် (Special Pass) ထုတ်ပေးထားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးပါက သူမကို စင်ကာပူနိုင်ငံမှ နှင်ထုတ်ပြီး ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်မည်ဖြစ်သည်ဟု ယနေ့ထုတ်ပြန်ချက်က ဆိုသည်။

ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သော ပြစ်ဒဏ်တိုးမြှင့်မှုများ အရ Kpod များ ကိုင်ဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် ဖမ်းဆီးရမိသော နိုင်ငံခြားသားများ သို့မဟုတ် Etomidate အတွက် ဆေးစစ်ချက် ကျရှုံးသူများသည် ၎င်းတို့၏ နေထိုင်ခွင့်လက်မှတ် သို့မဟုတ် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးများ ရုပ်သိမ်းခံရမည်ဖြစ်ပြီး၊ နိုင်ငံမှ နှင်ထုတ်ခံရကာ စင်ကာပူသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်သည်။
ထို့အတူ အာဏာပိုင်များက ယနေ့ထုတ်ပြန် ပြောကြားခဲ့ရာတွင် စင်ကာပူနိုင်ငံသား အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်အမျိုးသားတစ်ဦးသည်လည်း Etomidate အလွဲသုံးစားမှုကြောင့် စင်ကာပူအကျဉ်းဦးစီးဌာန၏ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစခန်း (DRC) သို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပို့ဆောင်လိုက်သည်ဟု သိရသည်။
အဆိုပါ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်သည် Etomidate ကို စက်တင်ဘာလ ၁ ရက်နေ့တွင် Class C မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် DRC သို့ ပို့ဆောင်ခံရသည့် ပထမဆုံး Etomidate အလွဲသုံးစားလုပ်သူ ဖြစ်သည်။ ၎င်းသည် etomidate နှင့်ပတ်သက်သော ပြစ်မှု သုံးခု ကျူးလွန်ခဲ့သည့်အတွက် ထိုစခန်းတွင် နှစ်လ ကြာ နေထိုင်ရမည်ဖြစ်သည်။
ထိုဆယ်ကျော်သက်ကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၂ ရက်နေ့တွင် နေအိမ်၌ Vape များဖြင့် ဖမ်းမိခဲ့ပြီး ၎င်းတို့သည် Etomidate သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းသည် Etomidate နှင့်ပတ်သက်သော ပထမဆုံးပြစ်မှု ဖြစ်သည်။ ၎င်းသည် နောက်ပိုင်းတွင် ပြစ်မှုထပ်မံကျူးလွန်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် နေအိမ်၌ Etomidate ကို ကိုင်ဆောင်ခြင်းနှင့် သုံးစွဲခြင်းဖြင့် ထပ်မံ ဖမ်းဆီးခံရသည်။ ၎င်း၏ တတိယပြစ်မှု မှာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပြီး၊ အငှားယာဉ်တစ်စီးပေါ်တွင် စကားထစ်ခြင်းနှင့် ပုံမှန်မဟုတ်သော အပြုအမူများဖြင့် တွေ့ရှိရပြီး ဖမ်းဆီးခံခဲ့ရသည်။
“DRC သို့ ပို့ဆောင်ခံရသော Etomidate အလွဲသုံးစားပြုသူများသည် ပြစ်မှုထပ်မံကျူးလွန်မည့် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ခံယူရမည်” ဟု MHA နှင့် HSA တို့က ပြောကြားခဲ့ပြီး ၎င်းတို့သည် စခန်းမှ ပြစ်ဒဏ်စေ့သဖြင့် ပြန်လည်ထွက်ခွာပြီးနောက်တွင်လည်း ၁၂ လကြာအထိ ရပ်ရွာအတွင်း ပုံမှန် မူးယစ်ဆေးဝါး စစ်ဆေးမှုများနှင့် ကြီးကြပ်မှုများကို ခံယူရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref : Asia One & CNA
