သက်တံ့
၈. ၁၂. ၂၀၂၅
ထိုင်းစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များက ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဗီဟာနှင့် အော့ဒါမိန်းချေးပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ကမ္ဘောဒီးယားတပ်ဖွဲ့များနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားအရပ်သား လေးဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး Neth Pheaktra က ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ဘန်တေမိန်းချေး၊ အော့ဒါမိန်းချေးနှင့် ပရိဗီဟာပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော ထိုင်းစစ်တပ်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ တိုးပွားလာနေသဖြင့် ကမ္ဘောဒီးယား ဒေသခံ ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသလို ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ထိုင်းစစ်တပ်သည် ဘန်တေမိန်းချေးပြည်နယ်၊ အိုချရော့ဗ်ခရိုင်ရှိ ဆော့ခ်ဆန်း၊ ပရေးချန်ကျေးရွာနှင့် ဘူအွမ်ထရာကွမ် လမ်းကြားတို့ရှိ ကမ္ဘောဒီးယားပိုင်နက် နယ်မြေအတွင်းသို့ ဆက်လက်ပစ်ခတ်ခဲ့သည်။

ကမ္ဘောဒီးယားပိုင်နက် နယ်မြေကို ကျူးကျော်ဖောက်ဖျက်မှုအား တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားစစ်တပ်သည် မိမိကိုယ်ကို ကာကွယ်ရန် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ဖြစ်ပွားနေသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် ယခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့သော ငါးရက်ကြာ တိုက်ပွဲများအပြီး အောက်တိုဘာလတွင် သဘောတူညီခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် မလေးရှား ဝန်ကြီးချုပ်တို့ ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ နိုဝင်ဘာလအတွင်း မြေမြှုပ်မိုင်းအသစ်များ ပေါက်ကွဲကာ ထိုင်းစစ်သားများ ကိုယ်လက်ချို့ယွင်းသည့် ဖြစ်စဉ်နောက်ပိုင်း ထိုင်းစစ်တပ်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တိုက်ပွဲများသည် ဒီဇင်ဘာ ၇ ရက်(တနင်္ဂနွေနေ့) မှစတင် ဖြစ်ပွားခဲ့ပြီး၊ ဒီဇင်ဘာ ၈ ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။ ထိုင်းဘက်ခြမ်းတွင်လည်း စစ်သား အနည်းဆုံး ၁ ဦး သေဆုံးကာ ၈ ဦးအထိ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြသလို တိုက်ပွဲကို စတင်သည် ဟုလည်း နှစ်နိုင်ငံကြား အပြန်အလှန် အပြစ်ဖို့နေခဲ့သည်။ ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ ပစ်ခတ်မှုများကို နှိမ်နင်းရန်အတွက် လေတပ်လေယာဉ်များ အသုံးပြု၍ ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်များနှင့် လက်နက်ကြီးနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို တိုက်ပွဲများကြောင့် ထိုင်းဘက်နယ်စပ်ဒေသ (၄) ခုရှိ အရပ်သား ၃၅,၀၀၀ ကျော် နှင့် ကမ္ဘောဒီးယားဘက်မှ သောင်းနှင့်ချီသော အရပ်သားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်

Ref : Khmer Times
