Photo - KPV
နေမိုး
၂. ၁၂. ၂၀၂၅
PDF အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သည့် PDF အား PDF တပ်ရင်းမှူးက ထိပ်တုံးခတ် ဖမ်းဆီးပြီး အုပ်စုဖွဲ့ကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်လိုက်သည်ဟု PDF အချင်းချင်းတိုင်ကြားသည့် တိုင်စာများမှ သိရှိရသည်။



ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်၊ နေ့လယ် ၂ နာရီခန့် အချိန်၌ နေပြည်တော် တိုင်းစစ်ဌာန၊ (၈၀၂) တပ်ရင်းတွင် ဒရုန်းသင်တန်းတက်ရောက်နေသော ရဲဘော် လွမ်းမိုးသည် တပ်ရင်း တစ်ရင်းထဲနေ ရဲဘော်ဂျူးဂျူးအား မုဒိမ်းမှုကျူးလွန်ကြောင်း စွပ်စွဲခံရသဖြင့် ဒရုန်းသင်တန်းတာဝန်ခံမှ ရဲဘော် လွမ်းမိုးအား တပ်ရင်းသို့ ပြန်ပို့ခဲ့ပြီး ဒုတပ်ရင်းမှူး ဆရာကျောင်း (ခ) နိုင်လင်းအောင်မှ စခန်း၏ခြောက်ပေါက် (ထိပ်တုံး) တွင် (၂)ညထည့်ထားခဲ့ကာ မုဒိမ်းမှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရိုက်နှက် စစ်ဆေးခြင်း၊ လွမ်းမိုးမှ ရေတောင်းသောက်ရာ တပ်ခွဲမှူး ဥက္ကာမှ ရေပုံးဖြင့် ဆားရေဖျော်၍ လည်ပင်းအား ခြေထောက်နှင့်ဖိနင်းပြီး ဆားရည်များအား လောင်းချတိုက်ခဲ့သည်။ ထို့နောက် (၃)ရက်မြောက်ရက်နေ့တွင် ရရှိသောဒဏ်ရာများဖြင့် ခြောက်ပေါက်အတွင်း၌ လွမ်းမိုး သေဆုံးသွားခဲ့ပြီး ၎င်းအလောင်းအား ဒုတပ်ရင်းမှူး ဆရာကျောင်း (ခ)နိုင်လင်းအောင်၏ အမိန့်ပေးစေခိုင်းချက်အရ စခန်း၏တောင်ဘက် ပေ(၃၀၀)ခန့် အကွာတွင် PDF (၈)ဦးတို့ဖြင့် သွားရောက်မြုပ်နှံခဲ့သည်။ ထိုသို့ ရဲဘော် လွမ်းမိုးသေဆုံးခြင်း၊ အလောင်းဖျောက်ခြင်းနှင့် ပတ်သက်၍ ဒုတပ်ရင်းမှူး ဆရာကျောင်း(ခ) နိုင်လင်းအောင်နှင့် တပ်ခွဲမှူး ဥက္ကာတို့ (၂)ဦးမှ PDF များထံမှ သတင်းပေါက်ကြားလျင် ထိုးကြိတ်ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် PDF လွမ်းမိုးအား အသက်သေဆုံးစေသည်အထိ ရိုက်နက်မေးမြန်း၍ အလောင်းအားဖျောက်ရန် အမိန့်ပေးစေခိုင်းခဲ့သူ ဒုတပ်ရင်းမှူး ဆရာကျောင်း (ခ) နိုင်လင်းအောင်နှင့် တပ်ခွဲမှူး ဥက္ကာတို့(၂)ဦးအား ဥပဒေအရအရေးယူပေးပါရန် နေပြည်တော်တိုင်းစစ်ဌာန၊ (၈၀၂) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် P-30803445 ရှိုင်းထက်က NUG နှင့် ကယားရဲတပ်ဖွဲ့၏ အမှတ်(၉)ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းသည့်စာတွင် ဖော်ပြထားမှုအသိရသည်။
KPV သတင်းဌာနမှ ဖော်ပြလာသော ပုံရိပ်များအရ PDF အမျိုးသမီး ဂျူးဂျူးကို မုဒိမ်းကျင့်ခဲ့သူ PDF လွမ်းမိုးအား စောင်ဖြင့်ပတ်ကာ မြေတွင်းထဲမြှုပ်ခဲ့ပြီးနောက် နိုဝင်ဘာလအတွင်း အလောင်းပြန်ဖော်စဥ် အရိုးကျနေပြီဖြစ်သလို ရှိုင်းထက်၏ တိုင်ကြားချက်အရ မုဒိမ်းကောင်လွမ်းမိုးကို ထိပ်တုံးခတ်ကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်သူ ဒုတပ်ရင်းမှူး ဆရာကျောင်း (ခ) နိုင်လင်းအောင်နှင့် တပ်ခွဲမှူး ဥက္ကာတို့ (၂)ဦးအား အမှတ်(၉)ရဲစခန်း၏ (ပ)၃၉/၂၀၂၅၊ ရာဇသတ် ကြီးဥပဒေပုဒ်မ-၃၀၂/၂၀၁/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟုလည်း သိရသည်။




