နေမိုး
၂. ၁၂. ၂၀၂၅
ပလောင်/တအာင်းလက်နက်ကိုင် TNLA ဟာ တပ်မတော်ကို အညံ့ခံ ညှိနှိုင်းပြီး နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာပေးလိုက်ပေမယ့်လည်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက်သဘော ပြသတဲ့အနေနဲ့ TNLA ဗိုလ်ချုပ် တာဘုန်းကျော်က မိုးကုတ်ကို ဗမာ PDF တွေက ပြန်သိမ်းဖို့ သွေးခွဲလှုံ့ဆော်ပို့စ်တစ်ခုကို လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။
TNLA သိမ်းနိုင်တဲ့မြို့တွေ ပြန်မပေးဘဲ စစ်ပွဲရွေးတယ်ဆိုတဲ့စကားတွေ၊ TNLA ကို လှောင်ပြောင်သူတွေကို ထုံးတို့ထားမယ်ဆိုတဲ့စကားတွေနဲ့ လူမှုကွန်ရက်မှာ ပွဲဆူတဲ့ပို့စ်တွေ တင်ပြီးရင် ဖျက်ဖျက်ပြေးတတ်တဲ့ တာဘုန်းကျော်ဟာ သူ့လူမှုကွန်ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးရလို့ တောင်းပန်ကြောင်း၊ သယံဇာတခိုးထုတ်လို့ကောင်းတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကို လက်ထဲရောက်ပြီးမှ ပြန်ပေးရတာ စားကာနီးကိတ်မုန့်ကို ပုတ်ချသလို အသည်းကွဲရကြောင်း၊ ကံမကုန်သေးရင် ပြန်သိမ်းနိုင်မယ့် ရလဒ်ရှိကြောင်း၊ TNLA ကို တော်လှန်ရေးသစ္စာဖောက်လို့ ပြောသူတွေ သိဖို့က သူတို့ဟာ NLD အတွက် လက်သုံးချောင်းထောင် ဆန္ဒပြသူတွေ၊ PDF တွေကို ဆန်အိတ်ထောင်ချီ ကျွေးခဲ့ကြောင်း၊ ဒီသုံးလေးနှစ်အတွင်း TNLA အင်အားထောင်ချီ သေဆုံးခဲ့ကြောင်း၊ စစ်ပွဲတိုက်ဖို့ လက်နက်ခဲယမ်းအတွက် ဒေါ်လာဘီလျံချီ အကြွေးတင်ခဲ့ကြောင်း၊ ဗမာလက်နက်ကိုင်တွေဖြစ်တဲ့ NUG နဲ့ PDF တွေ D Day ခေါ်လို့ ၁၀၂၇ နဲ့ တိုက်ခဲ့ပေမယ့် ဘယ်သူမှမပါလာလို့ TNLA ပဲ ဗုံးကြဲခံရတဲ့အဆုံး သေစရာလူမရှိလို့ မိုးကုတ်နဲ့မိုးမိတ် ပြန်ပေးခဲ့ရကြောင်း၊ ဒါပေမဲ့လည်း ပွဲမပြီးသေးကြောင်းနဲ့ TNLA ကျွေးလို့ လူဖြစ်လာတဲ့ PDF တွေက မိုးကုတ်ကို ပြန်သိမ်းတာမြင်ချင်ကြောင်း စသလို အဓိပ္ပါယ်ရတဲ့ စကားလုံးတွေနဲ့ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။
တာဘုန်းကျော်ရဲ့ ရေးသားချက်ဟာ ‘၁၀၂၇ စစ်ဆင်ရေးပုံစံ ဆက်လုပ်ချင်တဲ့သဘောရှိတယ်လို့လည်း တပ်မတော်ထောက်ခံတဲ့ နရီမိုးအကောင့်က သုံးသပ်ထားပြီး “မိုးကုတ်ဋီကာဆိုပြီး တာဘုန်းကျော် တစ်ယောက် လူမှုကွန်ရက်ပေါ် ပြန်ပေါ်လာပြန်တယ်။ ကြည့်ရတာ …ကိုးကန့်တွေ အပစ်ရပ်တဲ့အပေါ်မှာ ကြီးကြီးကျယ်ကျယ်တွေ ပြောပြီး စကားကျွံထားလေတော့….မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးလိုက်ရတဲ့အပေါ်မှာ ပြည်မက အနီထောက်ခံသူတွေကို ပန်းနုသွေး ခင်းပြရှာတယ် ထင်တာပဲ။ တကယ်တော့ စစ်ပဲ တိုက်တိုက်၊ နိုင်ငံရေးပဲ လုပ်လုပ် အကျိုးစီးပွားက အဓိကပါပဲ။ မိုးကုတ်မြို့ဟာ သမိုင်းအစဉ်အလာအရ မိုးမိတ်က ရှမ်းနယ်စားတွေ ပိုင်ပေမယ့် လက်ဖက်ပဲ ထွက်တဲ့ ပလောင်တွေက ပြည်နယ်ဖွဲ့ဖို့အရေးမှာ စီးပွားရေး အရ အချက်အခြာကျတဲ့ မိုးကုတ်ကို အပိုင်စားချင်ပုံရတယ်။ ဒါမှလည်း ဘိန်းစွဲနေတဲ့ ပလောင်သားတွေ၊ မိဘလက်ငုတ် လက်ရင်းဖြစ်တဲ့ လက်ဖက်ကလည်း လုပ်အားမျှော်နေရချိန်ဆိုတော့….လုပ်ကွက် ခွဲတမ်း ချပေးလိုက်ရုံနဲ့ နင့်ကနဲရတဲ့ ဆက်ကြေးတွေကြားမှာ မိုးကုတ်မြို့ကို ဖင်ခုထိုင်ထားချင်ပုံရတယ်။ တကယ်တော့ လူလည် မျောက်သုံးကောင်ဆိုတဲ့ အဖွဲ့က နွေဦးတော်လှန်ရေး လှိုင်းကို အမှီသဟဲပြုပြီး အညာပဒက်တွေရဲ့ အသက်နဲ့ ၁၀၂၇ ကို အကောင်အထည်ဖော်ခဲ့တာလို့ ပြောရင်လည်း မမှားဘူး။ NUG ရဲ့ ရည်မှန်းချက်တွေကို အစောကတည်းကသာ ယုံကြည်မှုရှိရင်၊ NUG လက်အောက်ခံ PDF တွေနဲ့ အစောကတည်းက စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ ပူးပေါင်းပြီး လုပ်ကြမှာပေါ့။ သူတို့အကျိုးစီးပွားအောင်ဖို့ NUG နဲ့ အညာ ပဒက်တွေရဲ့ အသက်တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် စစ်ရေးအရ ပလောင်ဒေသတစ်ခုတည်း ကွက်ပြီး လေကြောင်းအာမခံချက် ယူသွားတာက လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်ခေါင်းစဉ်အောက်ကနေ ဖြောင့်ဖြောင့်ကြီး သစ္စာဖောက်တာလို့ မဆိုထိုက်ဘူးလား။ တကယ်တော့ တော်လှန်ရေးက လုပ်စားကွက်ကြီးပါပဲ။ မိုးကုတ်မြို့ကို အသက်ပေး ကာကွယ်မယ်ဆိုတဲ့ စိုးသူရဇော်အပါအဝင် MDY-PDF တွေနဲ့ အခြား အဖွဲ့တွေလည်း အလှူခံရလိုက်တဲ့ ပိုက်ဆံတွေကို ခုချိန် ခွဲခြမ်း ဝေမျှပြီးလောက်ရောပေါ့။ ဗိုလ်ချုပ်ကြီး တာဘုန်းကျော်ကို ဆရာ တင်ပါတယ်ဆိုတဲ့ ဇော်ဝေစိုးတို့လည်း အသံမထွက်နိုင်တော့ဘူး။ တာဘုန်းကျော်ရဲ့ အဆိုအရ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ဘီလီယံနဲ့ ချီတဲ့ လက်နက်ကြွေးတွေလည်း ရှိထားတယ်လို့ ဆိုတာ တွေ့ရတယ်။ အညာပဒက်တွေကိုလည်း လက်နက်တွေ တပ်ဆင်ပေးထားတာ ဖြစ်လို့ ပလောင် TNLA ရဲ့ လုပ်ရပ်အပေါ်မှာ NUG ကအစ သိပ်လှန်ရဲဟန်မရှိဘူး။ ဒါ့ကြောင့်လည်း ကူမင်း သဘောတူညီချက်အရ ပလောင်တွေရဲ့ ဆုံးဖြတ်ချက်ကို MDY-PDF တွေကိုယ်တိုင် ခေါင်းညိတ်ခဲ့ရပုံရတယ်။ အခြေအနေအရ မိုးကုတ်မြို့ကို လက်လွတ်လိုက်ရပေမယ့် ရေစက်ရှိရင် ဆုံချင်သေးသပဆိုတော့ ….ပလောင်တွေရဲ့ စိတ်က အခွင့်အရေးရရင် ၁၀၂၇ လိုမျိုး ထပ်လုပ်ချင်သေးပုံရတယ်။ ဒါက နောင် တပ်မတော် စစ်ခေါင်းဆောင်တွေအနေနဲ့ အမျှော်အမြင်ရှိရှိ ပြင်ဆင်ရလိမ့်မယ်။ လိုအပ်ရင် ဘယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမဆို ဒကစတွေ တွဲဖွင့်၊ စစ်ရေးအရပါ ပတ်ပတ်လည် ချုပ်ထားတဲ့ ပုံစံမျိုးနဲ့ထိန်းချုပ်ရလိမ့်မယ်…”လို့လည်း သုံးသပ်ထားပါတယ်။
တအာင်းလက်နက်ကိုင် TNLA ဟာ တပ်မတော်နဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးအပြီး တပ်မတော်က TNLA ကို လေကြောင်းမတိုက်ခိုက်ဖို့တောင်းဆိုကာ ဒီတောင်းဆိုမှုအတွက် သူတို့နယ်မြေလုယက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို တပ်မတော်ထံ ပြန်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို ကတိပေးခဲ့ပေမဲ့ TNLA နဲ့ NUG ကို ဩဇာခံတဲ့ MDY PDF၊ မိုးကုတ်ဗျူဟာ အပါအဝင် PDF ငါးဖွဲ့အထက်က မြို့နှစ်မြို့က မခွာပေးဘဲ တိုက်ခိုက်မယ်လို့ စာထုတ်ကြတာကြောင့် တပ်မတော်ကို TNLA က လုံခြုံရေးယူပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်ရောက်ပြန်အပ်မှာဖြစ်သလို PDF တွေ မခုခံရဘူးလို့ အမိန့်ထုတ်ကြောင်း သတင်းထွက်ခဲ့ပါတယ်။ ဒီလိုသတင်းထွက်အပြီး TNLA က PDF တွေကို မိုးကုတ်နဲ့ မိုးမိတ်မြို့အပြင်ဘက် ထုတ်ပေးခဲ့ပေမယ့် မြို့ပြင်ကနေ ဝိုင်းထားတဲ့ပုံစံရှိနေပြီး တပ်မတော်က နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ မိုးကုတ်ကို ပြန်ဝင်ချိန် PDF တပ်ပေါင်းစုက မြို့ပြင်ထွက်လာရင် ပစ်ခတ်တိုက်ခိုက်မယ်ဆိုတဲ့အသွင်နဲ့ စခန်းချနေတာမို့ မိုးကုတ်မှာ အခု နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်မှာ တိုက်ပွဲအချို့ ဖြစ်ခဲ့ပါသေးတယ်။
