သတိုး
၂. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံသည် ကာလရှည် ကြန့်ကြာနေသည့် အိန္ဒိယ–မြန်မာ–ထိုင်း (India–Myanmar–Thailand (IMT)) သုံးနိုင်ငံဆိုင်ရာ အဝေးပြေးလမ်းမကြီးတွင် ၎င်းတို့ဘက်က ဆောင်ရွက်ရမည့်အပိုင်းအား ပြီးစီးပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သလို မပြီးပြတ်သေးသည့်အပိုင်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု အမြန်ဆုံးပြန်လည်ရရှိရန် မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။
WION သတင်းဌာနနှင့် ပြောဆိုရာတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်(Sihasak Phuangketkeow) က အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် နယ်ခြားဖြတ်ကျော် ဆိုင်ဘာရာဇ၀တ်မှု တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာနေသည်ကို ထောက်ပြကာ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးသည် “အလွန်ကောင်းမွန်ပြီး ခိုင်မာသည်” ဟု ဖော်ပြခဲ့သည်။

IMT အဝေးပြေးလမ်းမကြီးနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေဆိုရာတွင် ဆီဟာဆက်က “မြန်မာနိုင်ငံထဲမှာရှိတဲ့ အပိုင်းတချို့ကို ကျွန်တော်တို့က ငွေကြေးထောက်ပံ့ထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အပိုင်းလည်း ပြီးစီးသွားပါပြီ။ အိန္ဒိယကလည်း မြန်မာနိုင်ငံထဲက အဲဒီအပိုင်းကို တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ဖို့ ကူညီနေပါတယ်၊ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့သိတဲ့အတိုင်း (မတည်ငြိမ်မှု) အခြေအနေတွေကြောင့် ဒီစီမံကိန်းက ရပ်တန့်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခ အခြေအနေများ မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး သုံးနိုင်ငံဆိုင်ရာ အဝေးပြေးလမ်းမကြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်နိုင်ကာ အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ရှိ အဓိကဆိပ်ကမ်းများကို ဆက်သွယ်ပေးမည့် အဆိုပြုထားသော ကမ်းရိုးတန်းရေကြောင်းလမ်းကြောင်းသည် ဒေသတွင်း ဆက်သွယ်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက အချက်ပြခဲ့သည်။
၂၀၀၂ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သည့် IMT အဝေးပြေးလမ်းမကြီးသည် အိန္ဒိယသမုဒ္ဒရာအား ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာနှစ်ခုလုံးသို့ ချိတ်ဆက်ပေးမည့် အရှေ့-အနောက် ဆက်သွယ်ရေးလမ်းကြောင်းကို ချောမွေ့စွာတည်ဆောက်ရန် အိန္ဒိယ၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၁,၃၆၀ ကီလိုမီတာ ရှည်လျားသော ဤလမ်းကြောင်းကို ၂၀၁၂ ခုနှစ်တွင် တရားဝင် စတင်တည်ဆောက်ခဲ့သော်လည်း စီမံကိန်းသည် အကြိမ်ကြိမ်နှောင့်နှေးမှုများ ကြုံခဲ့ရသည်။ အိန္ဒိယနိုင်ငံက လမ်းမကြီး ကီလိုမီတာ ၂၀၀ ခန့် တည်ဆောက်ရန်နှင့် ဒုတိယကမ္ဘာစစ်ခေတ်က အိုဟောင်းနေပြီဖြစ်သော တံတား ၆၉ စင်းအား အဆင့်မြှင့်တင်ရန် တာဝန်ယူခဲ့ပြီး ထိုင်းနိုင်ငံကမူ ဆောက်လုပ်ရေးဝေစုအနည်းငယ်သာ ရှိခဲ့သည်။
ကျန်ရှိနေသောအပိုင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းသွားလာရမည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနှင့် နောက်ဆက်တွဲ ပြည်တွင်းပဋိပက္ခများ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နယ်မြေစိုးမိုးထားသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် လမ်းကြောင်းအဆင့်မြှင့်တင် တည်ဆောက်ရေးဆိုင်ရာ တိုးတက်မှုများ သိသိသာသာ နှေးကွေးသွားခဲ့သည်။
အိန္ဒိယအစိုးရက စီမံကိန်းကို အရှိန်မြှင့်ပြီး အပြီးသတ်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်းရှန်ကာက IMT လမ်းကြောင်းအား အိန္ဒိယ–အရှေ့အလယ်ပိုင်း–ဥရောပ စီးပွားရေးစင်္ကြံ (IMEC) နှင့် ချိတ်ဆက်လိုက်ပါက ပစိဖိတ်မှ အတ္တလန္တိတ်သို့ ချိတ်ဆက်ပေးမည့် “အရာရာကို အမှန်တကယ် ပြောင်းလဲပေးနိုင်မည့်” လမ်းကြောင်းများထဲမှ တစ်ခုဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
Ref : Swarajya
