၂.၁၂.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံ၊ အမေဇုန်ဒေသ၌ မြစ်ကမ်းပါးမြေပြိုမှုတစ်ရပ် ဒီဇင်ဘာလ ၁ ရက်ကဖြစ်ပွားခဲ့ရာတွင် ယူကာရာလီမြစ်ထဲရှိ စက်လှေနှစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။
အဆိုပါမြေပြိုမှုအတွင်း အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့ကြသည်။
ဒေသခံကျန်းမာရေးအာဏာပိုင်များက လူနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် ရဲတပ်ဖွဲ့နှင့် ရေတပ်တပ်ဖွဲ့များကို ရဟတ်ယာဉ်များဖြင့် ထိုဒေသသို့ စေလွှတ်ထားကြောင်း ပြောကြားခဲ့ကြသည်။
မြေပြိုမှုက မြို့တော်လီမာမှ ၄၁၅ ကီလိုမီတာ (၂၅၈ မိုင်) အကွာ ယူကာရာလီမြစ် ဖြတ်သန်းသွားရာ အမေဇုန်တောတွင်းဒေသရှိ အီပါရီယာ မြစ်ဆိပ်ကမ်းတွင် ဒေသစံတော်ချိန် နံနက် ၄း၂၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြစ်ကမ်းပါးပြိုကျခဲ့မှု၌ ထိုဒေသရှိ အခြားမြို့များသို့ ဦးတည်သွားလာနေသော မြစ်အတွင်းမှ စက်လှေနှစ်စင်း နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်။
မြေပြိုမှု၌ သေကျေဒဏ်ရာရသူများတွင်ကလေးသုံးဦးပါဝင်ကြောင်းလည်းသတင်းများအရ သိရသည်။
ပီရူးနိုင်ငံ၏ ထက်ဝက်ကျော်က ကျယ်ပြန့်လှသော အမေဇုန်ချိုင့်ဝှမ်း အပါအဝင် ထူထပ်သောသစ်တောများဖြင့် ဖုံးလွှမ်းထားသည်။
ရေတပ်ဗိုလ်မှူးကြီး ဂျိုနသန် နိုဝါက မြစ်ရေနှင့် ရေဝဲများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရှုပ်ထွေးနေရကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ ရေကြီးရာသီမှာ ရောက်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် မြူများကြောင့် မြေပြိုချိန်တွင် ကယ်ဆယ်ရေးအခြေအနေများ ခက်ခဲနေရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
နစ်မြုပ်သွားသော စက်လှေနှစ်စင်းပေါ်တွင် လိုက်ပါလာသူ အရေအတွက်ကို အသေအချာ မသိရသေးပေ။
စက်လှေတစ်စင်းတွင် ကျောင်းဆရာ၊ ဆရာမများနှင့် ဆရာဝန်များ လိုက်ပါလာကာ အနီးအနားရှိ ဌာနေတိုင်းရင်းသားများ နေထိုင်ရာမှ ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးသည်များ ဆင်းနိုင်ရန် အီပါရီယာ မြစ်ဆိပ်ကမ်းတွင် ခရီးတစ်ထောက် ရပ်နားခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။
Ref-DW News



