၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းမှာ ၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အဆိုပါ စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့မှုအရ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသော Shunt Reactor Bushing ပျက်စီးသွားမှုကို အမြန်ဆုံးစစ်ဆေး ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှုအခြေအနေတို့ကို ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
