၂. ၁၂. ၂၀၂၅
Written by Nay Yaung Linn
“မဲမပေးဘူး”ဆိုသည့် အခြေအနေမှ မဲပေးရမည်ဆိုသည့် အခြေအနေကို သိလာကြပြီဖြစ်ကြောင်း လသာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
လသာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သန်းတို့သည် ဒီဇင်ဘာ ၂ ရက်၊ နံနက် ၁၁ နာရီခန့်က လသာမြို့နယ်ရှိ သိမ်ကြီးဈေး D ရုံ၊ E ရုံနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် မဲဆွယ်လက်ကမ်းစာစောင်များ လိုက်လံဝေငှကာ မဲဆွယ်စည်းရုံးခဲ့ကြသည်။
ထိုသို့မဲဆွယ်စည်းရုံးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“၁၀၀ ရာခိုင်နှုန်းတော့ အားရမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မဲဆွယ်ရတာက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်တုန်းကလို မတူဘူး။ ဟိုးတုန်းကတော့ ပါတီနဲ့ သီချင်းနဲ့မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လူထုကလည်း စိတ်ဓာတ်တက်ကြွမှုရှိတယ်။ အခုဟာက သတ်မှတ်ချက်တွေများတယ်။ ပြောချင်တာက ကျွန်မ အခု မဲဆွယ်စည်းရုံးတာဆိုရင် ကိုယ့်နောက်ကလူတွေနဲ့ လက်ကမ်းစာစောင်ဝေတာလောက်ပဲ လုပ်နိုင်တယ်။ အဲဒီတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ၊ ခြောက်ခြောက်သွေ့သွေ့နဲ့ လူထုရဲ့နား၊ မျက်စိထဲမက်ဆေ့ချ်ရောက်အောင်လုပ်ရတာပါပဲ။ လူထုအနေနဲ့ သူတို့ရင်ထဲ ဘယ်လောက်ရောက်သွားလဲဆိုတာ ကျွန်မတို့မသိဘူး။ ဒါပေမဲ့ အခုတစ်လလောက်ရှိတဲ့အခါမှာတော့ မဲမပေးဘူးလို့ ပြောတဲ့အခြေအနေကနေ မဲပေးရမယ်ဆိုတဲ့ အခြေအနေကို သိလာလောက်ပြီလို့ ကျွန်မသိပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။
လသာမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သူအရေအတွက် ၁၈၀၀၀ ခန့်ရှိပြီး ၎င်းပမာဏ၏ သုံးပုံ/နှစ်ပုံခန့် မဲပေးနိုင်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် လသာမြို့နယ်တွင် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သန်းက ယခုကဲ့သို့ မဲဆွယ်စည်းရုံးနေမှုများအပေါ် ၇၅ ရာခိုင်နှုန်း အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သန်းက “ကျွန်တော်တို့အခု မဲဆွယ်တဲ့အခါမှာ ၇၅ ရာခိုင်နှုန်းလောက် အားရမှုရှိပါတယ်။ အချို့ကလည်း တိုင်းပြည်ရဲ့အရွေ့တစ်ခုကို မျှော်လင့်နေကြတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ဝေလိုက်တာနဲ့ ပန်းဖလက်တွေကို ချက်ချင်းကောက်ယူကြည့်တာတွေရှိပါတယ်။ အချို့နေရာတွေမှာ ကိုယ်ကသာ ပန်းဖလက်ဝေလိုက်တာ ဒီတိုင်းပဲပေါ့နော် ထိုင်တဲ့နေရာမှာပဲ။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းသော ပြည်သူတွေကတော့ ကျွန်တော်တို့ရဲ့ ပန်းဖလက်ကိုကြည့်ပါတယ်” ဟု မဲဆွယ်မှုအပြီးတွင် ပြောကြာခဲ့သည်။
ဦးဝင်းမြင့်သန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ၂၀၁၈ မှ ၂၀၂၀ အထိဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်(ACPE) တစ်ဦးဖြစ်သည်။






