





၃၀.၁၁.၂၀၂၅
Written By Thandar
အနုပညာကို တကယ်ဝါသနာပါပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ချင်သူတွေအတွက် Cloud Seven Productions & Entertainment ကနေ ကြီးမှူးကျင်းပတဲ့ “ကြယ်ပွင့်များရဲ့အိပ်မက်” Dream Of The Stars ရဲ့ Audition နောက်ဆုံးအဆင့်ကို ယနေ့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ဆီမှာ လျှောက်လွှာလျှောက်ထားတာ အယောက် ၆၀၀ လောက်ရှိတာကို နှစ်ရက်ရွေးချယ်ပေးခဲ့ရတာပါ။ ပထမနေ့က အကြမ်းဖျင်းပဲ၊ တစ်မိနစ်စီပဲ ကြည့်ခဲ့တယ်။ Camera Test အနေနဲ့ ဂွမ်းပုံကြီး၊ မအေးသီတာတို့ သူဇာပွင့်တို့က ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနေ့ကတော့ ဆန်ခါတင်အယောက် ၉၀ ကို ဒီနေ့ညမှာ ဖိုင်နယ်ရွေးချယ်မှာပါ”လို့ ဒါရိုက်တာမောင်သီ (အကဲဖြတ်ဒိုင်)က ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက်က Audition အနေနဲ့ ပြိုင်ပွဲဝင် အယောက် ၆၀၀ ကို Part 1နဲ့ Part 2ဆိုပြီး နှစ်ပိုင်းခွဲပြီးယှဉ်ပြိုင်ခဲ့ကြကာ နိုဝင်ဘာ ၃၀ ရက်မှာ ဒုတိယအဆင့် ရွေးချယ်ခံရသူများ အယောက် ၉၀ စာရင်းကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲမှာတော့ အကဲဖြတ် ဒိုင်လူကြီးတွေအနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသန်းနု၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ပွင့်သီင်္ဂီဇော်တို့က ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဒုတိယအဆင့်ရွေးချယ်ခံရသူ အယောက် ၉၀ က Talent အမျိုးမျိုးနဲ့ သရုပ်ဆောင်အမူအယာမျိုးစုံနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ ယနေ့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာ Cloud Seven Productions & Entertainment က နောက်ဆုံးအဆင့်ရွေးချယ်ခံရသူ စာရင်းတွေ ထုတ်ပြန်သွားမယ်လို့သိရပါတယ်။
