◾️ နိုင်ငံ့ဝင်ငွေ ဒုတိယအများဆုံး ရှာပေးနေသည့် CMP လုပ်ငန်းသည်လည်း EU မှ ကန့်သတ်ချက်များ ရှိလာမည်ဆိုပါက အခက်အခဲများစွာရှိလာနိုင်ဟုပါ ပြောကြား
၃၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) များကို မျှော်မှန်း၍ မရနိုင်ချိန်တွင် နိုင်ငံ့ဝင်ငွေအတွက် ကုန်ထုတ်လုပ်မှုကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၄) နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားသည်။
“FDI ကလည်း လိုအပ်ပါတယ်။ မလိုဘူး မဟုတ်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ FDI လုပ်ဖို့အတွက် ကန့်သတ်ချက်တွေ လုပ်ထားပါတယ်။ FDI ကို ကျွန်တော်တို့က မျှော်မှန်းလို့မရပါဘူး။ ထုတ်လုပ်မှုကတစ်ဆင့် ဝင်ငွေရအောင် ကျွန်တော်တို့ ရှာရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံ့ဝင်ငွေ ဒုတိယအများဆုံး ရှာပေးနေသည့် CMP (အထည်ချုပ်) လုပ်ငန်းသည်လည်း အမျိုးမျိုးခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည့်အပြင် လက်ရှိ ကန့်သတ်ချက်များ ဖြေလျှော့ပေးထားသည့် ဥပရောပ (EU) မှ ကန့်သတ်ချက်များ ချမှတ်မည်ဆိုပါက အခက်အခဲများစွာ ရှိလာမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ထို့အတူပဲ CMP နဲ့ ပတ်သက်တာလည်း CMP က ဒုတိယအများဆုံး ဝင်ငွေရှာပေးနေတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ CMP လည်းပဲ အမျိုးမျိုးခြိမ်းခြောက်တာတွေရှိပါတယ်။ ကံကောင်းတာတော့ ကျွန်တော်တို့က ဥရောပ (EU) ကနေပြီးတော့ ကျွန်တော်တို့နိုင်ငံပေါ်မှာ ကန့်သတ်ချက်လေးတွေ ထွက်ပေါက်ပေးထားတဲ့အတွက် ကျွန်တော်တို့က CMP ထွက်ကုန်တွေကို ပို့နိုင်တာဖြစ်ပါတယ်။ တကယ်လို့သာ ကန့်သတ်ချက်ရှိလာခဲ့ရင် အခက်အခဲတွေ အများကြီးရှိလာနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသေချာဆုံးကတော့ ကုန်ထုတ်မှုကနေ သွားတာက သေချာမှုရှိမယ်လို့ ပြောလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
စက်မှုကဏ္ဍအမျိုးအစားတွင် ပါဝင်သည့် CMP (ပြည်ပမှ အထည်လိပ်ကုန်ကြမ်း တင်သွင်းကာ ပြည်တွင်း၌ ကုန်ချောပြန်ထုတ်လုပ်ငန်းများ) အနေဖြင့် လက်ရှိတွင် တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများသို့ အဓိကတင်ပို့နေရခြင်းဖြစ်သည်။
