နေမိုး
၁. ၁၂. ၂၀၂၅
ထားဝယ်မြို့တွင် အခြေစိုက်ပြီး ပြည်သူများ၏ နာမကျန်းမှုနှင့် အခက်အခဲများကိုကူညီနေသော ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်) မှ အသင်းဝင်တစ်ဦးကို PDF များက ဖမ်းဆီးလိုက်သဖြင့် ကျန်အသင်းဝင်များ၏ လုံခြုံရေးပါစိုးရိမ်ရသည့်နောက် ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်) ၏ ကူညီကယ်ဆယ်ရေးအလုပ်များကို ယာယီရပ်နားထားရသလို ဖမ်းဆီးထားသူကို ပြန်လွှတ်ပေးရန်လည်း ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်) က တောင်းဆိုထားသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ “ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်)” မှ အသင်းဝင်များဖြစ်ကြသည့် ထားဝယ်မြို့နေ ဦးတင်မောင်နိုင်(၅၃)နှစ်၊ ဦးဟိုသန်း(၄၇)နှစ်နှင့် မောင်ဘုန်းမြတ်ကိုကို(၁၉)နှစ်တို့သည် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာသို့ 5Q/XXXX VOXY အမျိုးအစား မော်တော်ယာဉ်ဖြင့် နာရေးသွားရောက်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါကျေးရွာမှ ထားဝယ်မြို့သို့ ထားဝယ်- မြိတ်ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေး ကျေးရွာကြား ရော်ဘာခြံအနီးရောက် PDF နှစ်ဦးက မော်တော်ယာဉ်အားတားဆီးကာ ယာဉ်ပေါ်ပါလာသူများအနက် မောင်ဘုန်းမြတ်ကိုကိုအား အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်သူကို ကူညီပေးနေသည့် သာမန်ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအား PDF များက ထိုသို့ဖမ်းဆီးလိုက်သဖြင့် ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်) ၏ ကူညီမှုများလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ရသလို မောင်ဘုန်းမြတ်ကိုကိုအား ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
တောင်းဆိုချက်တွင် “မိဘပြည်သူများ ထံအသိပေး ပန်ကြားခြင်း” ခေါင်းစဥ်ဖြင့် ဖော်ပြထားပြီး ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံတွင်ဖွင့်လှစ်ထားသော ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တွင် အသင်းဝင်အဖြစ် ပါဝင်ကူညီဆောင်ရွက်နေသူ မောင်ဘုန်းမြတ်ကိုကို သည် လူနာတင်ယာဥ်ဖြင့် ကံဘောက်၊ ဘောက်ချောင်းရွာသို့ လူနာပို့ဆောင်ပြီးအပြန်လမ်း ရေး-ထားဝယ်လမ်း၊ ရေဖြူမြို့နယ်အလွန် ညင်းထွေးရွာအဝင်အနီးအရောက်တွင် အဖွဲ့စည်းတစ်ခုမှဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ပရဟိတအဖွဲ့စည်းများတွင်ပါဝင်ကူညီဆောင်ရွက်ပေးနေသော မောင်ဘုန်းမြတ်ကိုကိုအား အမြန်ဆုံးပြန်လွှတ်ပေးပါရန် ရင်ခုန်သံသွေးလှူရှင်နှင့်အရေးပေါ်လူနာတင်ယာဥ်အသင်း အသင်းသူ/ အသင်းသားများ၊ ပရဟိတညီအစ်ကိုမောင်နှစ်မများမှ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ လက်ရှိကူညီဆောင်ရွက်ပေးနေကြသော ပရဟိတအသင်းသူ/အသင်းသားများအနေဖြင့်ဆက်လက်ကူညီဆောင်ရွက်ပေးရန်အခက်ခဲများရှိလာနေသည့်အတွက်ကြောင့် မိဘများမှလည်းစိုးရိမ်ပူပင်မှုရှိနေကြသဖြင့် ရင်ခုန်သံ သွေးလှူရှင် နှင့်အရေးပေါ်လူနာတင်ယာဥ်အသင်းမှာယနေ့ (၃၀.၁၁..၂၀၂၅ ) မှစ၍ရက် ကန့်သတ်မရှိရပ်နားထားမည်ဖြစ်ကြောင်းမိဘပြည်သူများထံအသိပေးကြောင်းကြားအပ်ပါသည်။”ဟု ဖော်ပြထားသည်။
