၃၀.၁၁.၂၀၂၅
Written by KL
ခြင်ဆေးခွေထွန်းရာမှ စက္ကူစက်ရုံနှင့်နေအိမ် မီးလောင်မှု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ပန်းလှိုင်လမ်းနှင့် မိုးမခလမ်းထောင့်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
တစ်နာရီနီးပါးမီးလောင်မှုကြောင့် အလျား ပေ ၅၀၊ အနံ ၆၀ ပေ၊ တစ်ထပ် စက္ကူစက်ရုံနှင့် အလျား ပေ ၃၀၊ အနံပေ ၅၀ သွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး၊ စက္ကူပျော့ဖတ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“နှစ်ထပ်အိမ် အပေါ်ထပ်က ဝန်ထမ်းတွေရဲ့အိပ်ဆောင်မှာ ခြင်ဆေးခွေထွန်းပြီးအိပ်ရာကနေ မီးပွားက မွေ့ယာပေါ်ကျလို့ မီးစလောင်တာလို့ သိရတယ်” ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ကိုးစီး၊ ကွပ်ကဲမှုယာဥ် တစ်စီး၊ မီးသတ်စက်ယာဥ် တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

စက္ကူစက်ရုံနှင့် နေအိမ်မီးလောင်မှုကြောင့် အသက် ၄၆ နှစ်အရွယ် ပိုင်ရှင်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
