◾️ စုစုပေါင်းဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဓာတ်အားပမာဏ ၁၀၀ မှ ၂၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ
၃၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရန် LNG သိုလှောင်သင်္ဘော ဆိုက်ကပ်ထားပြီး အဆိုပါ LNG ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ထုတ်လုပ်ကာ သန်လျင် ၂၀၀ မဂ္ဂါဝပ်နှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံများသို့ ပေးပို့၍ ဓာတ်အားစမ်းသပ်မောင်းနှင်နေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit–FSU)၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သာကေတ ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားစမ်းသပ်မောင်းနှင်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီလဝါဆိပ်ကမ်းရှိ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားပေးစက်ရုံများမှ သတ်မှတ်ဓာတ်အားပမာဏ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရန် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ထို့နောက် သီလဝါဆိပ်ကမ်း၌ FSU ဆိုက်ကပ်ထားရှိမှု၊ သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်ကို ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)သို့ ပေးပို့နေမှု၊ LNG ကို သဘာဝဓာတ်ငွေ့ ပြန်လည်ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၌ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်ရုံဝင်းအတွင်း ဓာတ်အားပေးစက်များ စမ်းသပ်မောင်းနှင်နေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

LNG သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘောသည် နိုဝင်ဘာလ ၁၅ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ထားခြင်းဖြစ်ပြီး ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သင်္ဘောသည် နိုဝင်ဘာလ ၁၉ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခဲ့ကာ သဘာဝဓာတ်ငွေ့ရည် (LNG) များ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။
သဘာဝဓာတ်ငွေ့အရည် (LNG) အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံသို့ စမ်းသပ်မောင်းနှင်ခြင်းများအား နိုဝင်ဘာလ ၂၆ ရက်တွင် ဆောင်ရွက်ပြီးခဲ့သဖြင့် ယခုအခါ ဓာတ်အားပေးစက်များကို ဆက်လက် စမ်းသပ်မောင်းနှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလများအတွင်း ကနဦး ဓာတ်အားပမာဏ ၁၀၀ မဂ္ဂါဝပ်မှ ၂၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်သည်။
