၂၉. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က တရုတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ထိုသို့ ဖမ်းဆီးမှုမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအား လူမှုကွန်ရက်မှတစ်ဆင့်လိမ်လည်ဖြားယောင်းကာ သူ၏ မိခင်ထံမှ ငွေသားနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူရန် ဆွဲဆောင်ခဲ့သည့် အွန်လိုင်း လိမ်လည်မှု ကွန်ရက်ကို ဦးဆောင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပူးပေါင်းကြံစည်သူ အခြား တရုတ်နိုင်ငံသားနှစ်ဦးကိုပါ လိုက်လံ ရှာဖွေနေကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုဖြစ်ရပ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ဘတ်ငွေ ၆ ဒသမ ၈ သန်း (ဒေါ်လာ ၂၀၉၀၀၀) ခန့် ရှိသည်ဟုလည်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ အဆိုအရ “Mik” ဟုသာ ဖော်ပြထားသော လူငယ်ကို တရုတ်လိမ်လည်သူများက ထိုင်းအစိုးရအေဂျင်စီများမှ အရာရှိများအဖြစ် ဟန်ဆောင်ကာ ၂၄ နာရီ ပတ်လုံး ဗီဒီယိုကောလ်ဖြင့် ခေါ်ဆို ခြိမ်းခြောက်ကာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းတို့က ဆယ်ကျော်သက်လူငယ်သည် ဖမ်းဝရမ်းထုတ်ခံထားရကြောင်း၊ မိမိကိုယ်တိုင်ရော မိခင်အတွက်ပါ ဥပဒေကြောင်းအရ အကျိုးဆက်များကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း လှည့်ဖြား ပြောဆိုခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လိမ်လည်သူများသည် Mik ကို ၎င်း၏ မိုဘိုင်းလ်ဖုန်းထံ စတင် ဆက်သွယ်ခဲ့ပြီးနောက် စကားပြောဆိုမှုကို Line မက်ဆေ့ချ်ပို့သည့် အက်ပ်သို့ ပြောင်းရွှေ့ကာ၊ ဆိုင်ဘာရဲတပ်ဖွဲ့နှင့် အခြားအေဂျင်စီများမှ ဝရမ်း ထွက်ရှိလာသည်ဟု ဆိုသော စာရွက်စာတမ်း အတုများကို ပေးပို့ခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သံသယရှိသူများက ဗီဒီယိုကောလ်ဖြင့် လူငယ်ကို ဆက်သွယ်ကြည့်ရှုကာ တန်ဖိုးကြီးပစ္စည်းများပေးရန် တောင်းဆိုပြီးနောက် အဆိုပါ ဆယ်ကျော်သက်က အိမ်သို့ပြန်ကာ မိခင်၏ တန်ဖိုးရှိပစ္စည်းများ သိမ်းဆည်းရာ မီးခံသေတ္တာကို ဖွင့်ကာ ပစ္စည်းများအားလုံး ထုတ်ယူခဲ့သည်။ ထိုညနေပိုင်းတွင် လူငယ်သည် စမွတ်ပရာကန်မှ နွန်ထဘူရီပြည်နယ်သို့ ခရီးထွက်ကာ ပစ္စည်းများကို လာယူမည့်အဖွဲ့လက်သို့ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ခဲ့သော်လည်း နောက်တစ်နေ့ နံနက်တွင် လိမ်လည်သူများက ငွေကြေးထပ်မံပေးအပ်ရန် လိမ်လည် ခြိမ်းခြောက် တောင်းဆိုပြန်သည်။ ထို့ကြောင့် Mik သည် မိခင်၏ ဖုန်းကို အသုံးပြု၍ ငွေများထပ်မံ လွှဲပြောင်းပေးခဲ့ရာမှ မိခင်ဖြစ်သူက ငွေလွှဲမှုများကို တွေ့ရှိပြီးနောက် မူအန်းစမွတ်ပရာကန် ရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းစုံစမ်းခဲ့သည်ဟု သိရသည်။
ထိုသို့ စုံစမ်း စစ်ဆေးပြီးနောက် အာဏာပိုင်များက ဘန်ကောက်မြို့၊ ဟူအိုင်ခွမ်ခရိုင်တွင် ချင်ဟု သိရသော အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းသည် ဟွမ်နှင့် ချန်းဟု သိရသည့် အခြား တရုတ်နိုင်ငံသားနှစ်ဦးနှင့်အတူ အွန်လိုင်း လိန်လည်မှုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ ၎င်းတို့နှစ်ဦးက ပို့ဆောင်ရေးစီစဉ်ပေးခြင်းနှင့် ခိုးယူထားသော ပစ္စည်းများကို ဘန်ကောက်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ရောင်းချခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ဘတ်ငွေ ၃ ဒသမ ၅ သန်း (ဒေါ်လာ ၁၀၇၀၀၀) တန်ဖိုးရှိ ရွှေချောင်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး၊ မိသားစုထံသို့ ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် လာအိုဘဏ်စာအုပ်တစ်အုပ်နှင့် ယာဉ်နှစ်စီး (Mercedes-Benz နှင့် Toyota Fortuner) အပါအဝင် အခြားသက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ဤလုပ်ငန်းသည် လာအိုနိုင်ငံအခြေစိုက် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် လိမ်လည်မှုကွန်ရက်နှင့် ဆက်စပ်နေကြောင်း သိရှိရသည်။ ကျန်ရှိသော သံသယရှိသူနှစ်ဦးအတွက် ဖမ်းဝရမ်းကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့ပြီး၊ ၎င်းတို့ကို ခြေရာခံဖမ်းဆီးရန် ကြိုးပမ်းနေကြောင်းနှင့် အစိုးရအရာရှိ အယောင်ဆောင်ကာ ဥပဒေကြောင်းအရ ခြိမ်းခြောက်သည့် လိမ်လည်မှုများနှင့်ပတ်သက်၍ သတိထားရန် ပြည်သူလူထုကို တိုက်တွန်းကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: The Thaiger
