၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ယမန်နေ့ ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဘယ်လာရုစ်သမ္မတ၏ အထူးလေယာဥ်က မြန်မာ့လေပိုင်နက်အတွင်း ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံ ပျံသန်းကြိုဆိုခဲ့သည့်အပြင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိချိန်တွင်လည်း ကော်ဇောနီခင်း ဂုဏ်ပြုတပ်ဖွဲ့အဖြင့် ခမ်းခမ်းနားနား ကြိုဆိုခဲ့သည်။
ထို့ပြင် ဘယ်လာရုစ်သမ္မတ၏ တရားဝင်ချစ်ကြည်ရေးခရီးစဥ်ကို ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ လမ်းတစ်ခုအား ဘယ်လာရုစ်နိုင်ငံ၏ မြိုတော်ဖြစ်သည့် “မင့်စ်” ကို အစွဲပြု၍ “မင့်စ်လမ်း” “Street MINSKAYA” ဟု အခမ်းအနားဖြင့် ဂုဏ်ပြုအမည်ပေးခဲ့သည်။
ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြိုသို့ ယခုနှစ် မတ်လ ၇ ရက်နေ့တွင် သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဥ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံက ယာယီသမ္မတအား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုခဲ့သည့်အပြင် ဘယ်လာရုစ်သမ္မတနန်းတော် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်ကိုအား အဂ္ဂမဟာသရေစည်သူဘွဲ့ချီးမြှင့်အပ်နှင်းပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားမှုများအရ ယမန်နေ့တွင် တရားဝင်ခရီးစဥ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။


