◾️ KK Park နယ်မြေအတွင်းမှ နိုင်ငံခြားသားများအား ထိန်းသိမ်းထားမှု ကျပ်သိန်းပေါင်း ၁၃,၀၀၀ ကျော် ကုန်ကျခံခဲ့ပြီးဖြစ်ကာ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အမြန်ဆုံးခေါ်ဆောင်ပေးကြရန်ပါ ပြောကြား
၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
KK Park နယ်မြေအတွင်း လက်ရှိအထိ အဆောက်အဦ ၂၅၆ လုံး ဖြိုချဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး ကျန်ရှိသည့် ၃၇၉ လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်သလို ယင်းကဲ့သို့ ဆောင်ရွက်နေစဉ်အတွင်း KNLA နှင့် PDF တို့ ပူးပေါင်း၍ မြဝတီ၊ လေးကေ့ကော်နှင့် အနီးဝန်းကျင်ကို တိုက်ပွဲများ ဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


“KK Park နယ်မြေထဲမှာ ဒီနေ့အထိ ၂၅၆ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၃၇၉ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမှာဖြစ်ပါတယ်။ Online လိမ်လည်လောင်းကစားမှု လုပ်ငန်းတွေကို ကျွန်တော်တို့ တိုက်ဖျက်ရှင်းလင်းနေမှုအပေါ် KNLA နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီဒေသ၊ လေးကေ့ကော်နဲ့ အနီးဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲတွေဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း တိုက်ပွဲဖြစ်စဉ် ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တရားမဝင်ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီဒေသက အချို့အခိုင်အမာ အဆောက်အဦတွေကို ဆိုရင် Online လောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန်ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုတွေလုပ်ပြီး ရေသောက်မြစ် အမြစ်ဖြတ်ဖျက်ဆီးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဖမ်းဆီးထိန်းသိမ်းရမိသည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းကိစ္စရပ်များကိုလည်း တင်ပြခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



“အလားတူထွက်ဆိုချက်တွေလည်း ကျွန်တော်တို့ဆီမှာ အများကြီး ရရှိထားပါတယ်။ ဒီနိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေလာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မတန်ကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာနဲ့ အိပ်ယာအဆုံး အားလုံးကို နိုင်ငံတော်က ဖြည့်ဆည်းပေးထားရတာ ဖြစ်ပါတယ်။ စားစရိတ်အတွက်မှာတင် တစ်နေ့သုံးနပ်စာအတွက် တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံး ကုန်ကျပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ငွေကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် (၁,၃၃၆,၀၅၀,၀၀၀ ကျပ်) သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသိက္ခာမကျအောင် အခုလိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြည်ပရောက် Exile မီဒီယာများက ယင်းအခြေအနေများကို အခွင့်ကောင်းယူပြီး အဖျက်အမှောင့်များ လုပ်ဆောင်နေသလို အစိုးရအပေါ် မီဒီယာအားနှင့် ထိုးနှက်တိုက်ခိုက်မှုများ လုပ်နေကြသည့်အတွက် သတိရှိကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို Online လိမ်လည်မှုကနေ ကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီးဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီး Online လိမ်လည်လောင်းကစားမှု နှိမ်နင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုလာတာတွေ တွေ့ရှိရပါတယ်။ ဒါဟာ ပွဲလန့်တုန်းဖျာခင်းတဲ့ ကိစ္စလို့ ကျွန်တော်တို့မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



