နေမိုး
၂၇. ၁၁. ၂၀၂၅
နိုင်ငံရေးအစွန်းရောက် PDF များအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း ပဲခူး PDF များက တိုက်ကြီး – ဇောင်းတူသွားကားလမ်းပေါ်မှ ခရီးသွားပြည်သူများ၏ ယာဥ်များအား ပစ်ခတ်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦး ကျည်ထိမှန် ဒဏ်ရာရမှု ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။




ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ တမာပင်ကျေးရွာမှ ဘောနတ်ကြီးကျေးရွာဘက်သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နေသူများဖြစ်သည့် ဦးပြည့်စုံအောင်(ခ)ဝင်းကိုကိုထွန်း (၃၁)နှစ် မောင်းနှင်ပြီး ဦးကောင်းမြတ်သူ(၅၃)နှစ် လိုက်ပါလာသည့် YGN-36/2E-XXXX LANDCRUISER မော်တော်ယာဉ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်ဥမ္မာဗိုလ်ဗိုလ်(၄၉)နှစ် မောင်းနှင်ပြီး ဒေါ်အေးမြမြကျော် လိုက်ပါလာသည့် YGN-12/6H-XXXX RAV4 မော်တော်ယာဉ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် ဒေါ်စန္ဒာမြင့်(၅၁)နှစ် မောင်းနှင်ပြီး ဒေါ်သွယ်ဇင်ထွန်း(၄၈)နှစ်၊ ဦးနေလင်း(၄၄)နှစ်တို့ လိုက်ပါလာသည့် YGN-10/7C-XXXX SURF မော်တော်ယာဉ်တို့သည် ဇောင်းတူ-တိုက်ကြီးသွားကားလမ်းအတိုင်း မောင်းနှင်လာစဉ် ပဲခူးမြို့နယ်ရှိ အဆိပ်တောင် ကျေးရွာအနီးအရောက်၌ ပဲခူး PDF များ (အင်အားစိစစ်ဆဲ)က မော်တော်ယာဉ်များအား တားဆီး၍ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးကောင်းမြတ်သူနှင့် ဒေါ်သွယ်ဇင်ထွန်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြရှာသည်။




ထို့အပြင် ဦးပြည့်စုံအောင်(ခ) ဝင်းကိုကိုထွန်း၊ ဦးနေလင်း၊ ဒေါ်စန္ဒာမြင့်နှင့် ဒေါ်ဥမ္မာဗိုလ်ဗိုလ်တို့ လေးဦးတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သော်လည်း ဒေါ်အေးမြမြကျော်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသလို ဖြစ်စဥ်မှ သေဆုံး/ဒဏ်ရာ ရရှိသူများအား ပဲခူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အဆိုပါ မော်တော်ယာဉ် သုံးစီးမှာ သေနတ်ကျည် ထိမှန်ခဲ့၍ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၇၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ခရီးသွားလာနေသည့် အရပ်သားမော်တော်ယာဉ်များကို သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ပဲခူး PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
