MT News
၂၇. ၁၁. ၂၀၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၈ ဒသမ ၉ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုည ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၇၅ ဘီလျံ)နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၈ သန်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇ ဒသမ ၆၂ ဘီလျံ)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ကြည်အား နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ကပိုင်ကျေးရွာ၌ လည်းကောင်း၊ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်မြိုင်(ခ)ကျော်ကြီးအား နိုဝင်ဘာ ၁၄ ရက် ညနေ ၆နာရီခန့်တွင် အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီး၌ လည်းကောင်း၊ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဝေယျာစိုး(ခ)ကိုတိုးအား နိုဝင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက် ကြီး(၂၁)နေ မောင်ငယ်(ခ)စိုင်းမောင်ငယ် (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး နောင်ချို မြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
