၂၈. ၁၁. ၂၀၂၅
Translated by Thettant
ဘယ်လာရုစ်နိုင်ငံသည် လက်ရှိလုပ်ဆောင်နေသော စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း (Five-Year Plan for Socio-Economic Development) ၏ ပထမလေးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ကျော်တန်ဖိုးရှိ စားသောက်ကုန်နှင့် စိုက်ပျိုးရေးကုန်ကြမ်းများကို တင်ပို့နိုင်ခဲ့ကြောင်း ဘယ်လာရုစ်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ထို့အတူ ဘယ်လာရုစ်အမျိုးသားညီလာခံ သမ္မတကောင်စီဥက္ကဋ္ဌ မစ္စ နာတယ်ယာ ကိုချာနိုဗာ (Natalya Kochanova) က စိုက်ပျိုးရေးလုပ်ငန်းစု၊ စီမံထုတ်လုပ်မှုလုပ်ငန်း၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဂေဟဗေဒတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်ဟုလည်း Belta သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
”ဒီကဏ္ဍတွေက နိုင်ငံရဲ့ စီးပွားရေးနဲ့ စားနပ်ရိက္ခာဖူလုံမှုကို အာမခံပေးပြီး၊ လူပေါင်း သိန်းနဲ့ချီ အလုပ်အကိုင်ရရှိစေကာ၊ နိုင်ငံသားတွေ သက်သောင့်သက်သာနေထိုင်ဖို့ လိုအပ်တဲ့အခြေအနေတွေကို ဖန်တီးပေးပါတယ်” ဟု ကိုချာနိုဗာက ပြောကြားခဲ့သည်။

ထို့အပြင် ကိုချာနိုဗာက ငါးနှစ်စီမံကိန်းမှ ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် လယ်ယာကဏ္ဍမှ ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုကြောင့် ဘယ်လာရုစ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍတွင် ထူးခြားသောရလဒ်များကို ရရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
Ref: Xinhua
