MT News
၂၅. ၁၁. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ယခုနှစ် မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ရုရှားသမ္မတအပါအဝင် ရုရှားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးပြီးနောက် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit) အဖြစ် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ မတ်လ ၇ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။





ထိုခရီးစဥ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံက ယာယီသမ္မတအား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုခဲ့ပြီးနောက် မတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနန်းတော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်ကိုတို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ဘယ်လာရုစ်သမ္မတနန်းတော်ဆီ ရောက်ရှိလာသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲကို ဘယ်လာရုစ်နိုင်ငံ သမ္မတ လူကာရှန်ကိုက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်ကို ကို အဂ္ဂမဟာသရေစည်သူဘွဲ့ချီးမြှင့်အပ်နှင်းပွဲ ဆက်လက်ပြုလုပ်ခဲ့သည်။
ထို့နောက် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုတို့သည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများအတွက် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ ၁၄ ခုကို လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသလို ယာယီသမ္မတ၏ ပြည်ပခရီးစဥ်များတွင်လည်း မစ္စတာ လူကာရှန်ကိုနှင့် ယာယီသမ္မတ ချစ်ကြည်ရင်းနှီးစွာ မကြာခဏတွေ့ဆုံခဲ့သည်။
