သတိုး
၂၄. ၁၁. ၂၀၂၅
အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့နိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့်အရ ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း (Temporary Protected Status – TPS) ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (US Department of Homeland Security) က တနင်္လာနေ့ (နိုဝင်ဘာ ၂၄ ရက်) တွင် အသိပေးစာ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့် TPS သည် အင်္ဂါနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဖက်ဒရယ်မှတ်တမ်း (Federal Register) တွင် ထုတ်ပြန်သည့် အဆိုပါ အသိပေးစာတွင် “(ပြည်တွင်းလုံခြုံရေး) အတွင်းရေးမှူးသည် မြန်မာနိုင်ငံ၏ အခြေအနေများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ အမေရိကန် အစိုးရအေဂျင်စီများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံသည် ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း သတ်မှတ်ချက်များအတွက် ဆက်လက်ပြည့်မီခြင်း မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့သည်” ဟု ဖော်ပြထားသည်။

အဓိကဆုံးဖြတ်သည့် အချက်အလက်များမှာ DHS ၏ သုံးသပ်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေကို တရားဝင် ရပ်စဲခဲ့ပြီး၊ ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီလတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို စတင်ကျင်းပမည်ဟု ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့အတူ တပ်မတော်သည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။
အလားတူ ဒေသတွင်း အုပ်ချုပ်ရေးစနစ်များ၊ ကျန်းမာရေးစနစ်၊ တရားစီရင်ရေးစနစ်နှင့် ဥပဒေစိုးမိုးရေးကဏ္ဍများတွင် တိုးတက်မှုများ ရှိလာခဲ့သလိုမြန်မာနိုင်ငံသားအချို့သည် ၂၀၂၁ မေလ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခရီးသွားရန်အတွက် ကြိုတင်ခွင့်ပြုချက် စာရွက်စာတမ်း (Advance Parole Documents) များကို တောင်းခံခဲ့ကြခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသားများကို TPS ပေးထားခြင်းကြောင့် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများလည်း ရှိနေခဲ့ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မြန်မာနိုင်ငံသားများ၏ B-1/B-2 (စီးပွားရေး/ခရီးသွား) ဗီဇာ သက်တမ်းကျော်လွန်နေထိုင်မှုနှုန်းသည် ၃၈ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး၊ F, M, နှင့် J ဗီဇာ (ကျောင်းသား/လဲလှယ်ရေး) သက်တမ်းကျော်လွန်နေထိုင်မှုနှုန်းသည် ၅၉ ဒသမ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ ဤနှုန်းထားများသည် အခြားနိုင်ငံများ၏ ပျမ်းမျှနှုန်းထားများထက် ၁၅ ဆကျော်နှင့် ၁၇ ဆကျော် မြင့်မားနေသည်။
ထို့အတူ မြန်မာနိုင်ငံသားများအတွက် TPS သက်တမ်းတိုးခြင်းသည် အမေရိကန် သမ္မတ ထရမ့်ပ်၏ နိုင်ငံခြား အကြမ်းဖက်သမားများနှင့် အခြားသော နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုများမှ အမေရိကန်ကို ကာကွယ်ရန်အတွက် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ခြင်း ဆိုင်ရာ ညွှန်ကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ယင်းအပြင် DHS မှတ်တမ်းများအရ TPS အကျိုးခံစားခွင့် ရှိသူအချို့သည် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် စုံစမ်းစစ်ဆေးမှုအောက်တွင် ရှိနေကြောင်း သို့မဟုတ် လိမ်လည်မှုဖြင့် လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့်များ ရယူရန် ကြိုးပမ်းနေကြောင်း တွေ့ရှိရသဖြင့် အမေရိကန်၏ အမျိုးသားအကျိုးစီးပွား ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် TPS ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သလိုအဆိုပါ ရပ်စဲခြင်းသည် ရက် ၆၀ အတွင်း အကျိုးသက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ TPS သတ်မှတ်ချက်အောက်တွင် လက်ရှိ အမေရိကန်ပြည်ထောင်စု၌ နေထိုင်နေသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိပြီး ၂၄၀ ခန့်မှာ ဆိုင်းငံ့ခံထားရသည်။
မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ဂျိုး ဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှစ၍ ၂၀၂၅ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၁၈ လ သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလစ်ကန်ပါတီဝင် ဒေါ်နယ်ဒ် ထရမ့်ပ်သည် တစ်ကျော့ပြန်သမ္မတတာဝန် ပြန်လည်ယူစဥ် ယခုနှစ် ဇန်နဝါရီလကတည်းက လူဝင်မှု ကြီးကြပ်ရေးကို တင်းကျပ်သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံအများအပြားမှ နိုင်ငံသားများအတွက် TPS များကို ရုပ်သိမ်းခဲ့ရာ ယခုမူ မြန်မာနိုင်ငံသားများအတွက် TPS ရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်ကောင်းမွန်လာမှုကြောင့် ဖြစ်သည်။
Ref: TBS & USCIS
