




၂၅.၁၁.၂၀၂၅
Written by Linn Eain
ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) PR အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်နှင့် ပုသိမ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ငွေဆောင်မြို့မှ ဒေသခံများနှင့် နိုဝင်ဘာ ၂၄ ရက်၊ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့သည်။
ထို့ပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် ငွေဆောင်မြို့နယ်အတွင်းရှ်ိ ဆင်မကျေးရွာသို့ ငွေဆောင်ကမ်းခြေမှတစ်ဆင့် အမြန်ရေယာဉ်ဖြင့် သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများက တက်ရောက်လာသည့် ဒေသခံများအား မိတ်ဆက်ခဲ့ပြီး မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမည်သို့ပေးရမည့်အကြောင်းများ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမူဝါဒများနှင့် ဒေသခံများသိလိုသည်များကို ပြောကြားခဲ့သည်။




အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ ငွေဆောင်က အမျိုးတွေအားလုံးကို နှုတ်ဆက်ပါတယ်။ အားလုံးကျန်းမာကြတယ်မို့လား။ ကျွန်တော်က ဝါးခယ်မမြို့နယ်က ကျုံးမငေးသားလေးဖြစ်ပါတယ်။ ပြောချင်တာက ကျွန်တော်လည်း ဧရာ၀တီတိုင်းသားတစ်ဦးဖြစ်တယ်ဆိုတာကို မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဧရာ၀တီတိုင်းဒေသကြီးရဲ့ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် – ၁ မှာ အချိုးကျကိုယ်စားပြုစနစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော်က လက်ရှိအနေအထားမှာ နိုင်ငံတော်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အခု ဒီမှာ အခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကျွန်တော်တို့ပါတီရဲ့ ဆောင်ပုဒ်လေးကို ပြောပြချင်ပါတယ်။ ပိုမိုခိုင်မာ ပြည်မြန်မာဆိုတဲ့ ဆောင်ပုဒ်ကို စွဲကိုင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ် “ ဟု မိတ်ဆက်ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) PR တွင် ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့ပါဝင်ပြီး မဲဆန္ဒနယ်အမှတ်(၂) PR တွင် ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြန်အောင်ခရိုင်နှင့် ဟင်္သာတခရိုင်တို့ ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် ၎င်း၏ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) PR တွင် ပါဝင်သည့် ပုသိမ်ခရိုင်အတွင်းရှိ ငွေဆောင်မြို့တွင် လူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံပွဲတွင် ၎င်းနှင့်အတူ ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) PR မှ အခြား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးအောင်တင်မြင့်၊ ဦးပြုံးချို၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) FPTP ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်ဦး၊ ပုသိမ်မြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်တို့လည်း ပါဝင်မိတ်ဆက် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နာက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် ညနေပိုင်းတွင် ငွေဆောင်မြို့ရှိ ဆင်မကျေးရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
