၂၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)၊ ဒူဘိုင်းမြို့မှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲတစ်ခုမှာ အိန္ဒိယလေတပ် တိုက်လေယာဉ်တစ်စင်းဟာ နိုဝင်ဘာလ ၂၁ ရက်က ပျံသန်းပြသနေခိုက် ပျက်ကျခဲ့လို့ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
အိန္ဒိယလေတပ်(IAF) က ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ “IAF ဟာ အသက်ဆုံးရှုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး ဤဝမ်းနည်းကြေကွဲဖွယ်အချိန်အခါမှာ ဝမ်းနည်းကြေကွဲနေရတဲ့ မိသားစုနဲ့အတူ ခိုင်မာစွာရပ်တည်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ကြေညာချက်မှာ “မတော်တဆမှုရဲ့ အကြောင်း ရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးတရားရုံးတစ်ခုကို ဖွဲ့စည်းနေပါတယ်” လို့လည်း ဆိုခဲ့ပါတယ်။
AP သတင်းဌာနက Hindustan Aeronautics Ltds Tejas ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်လွဲ ၁၄း၁၀ နာရီ (၁၀း၁၀ GMT) ခန့်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။
ဒူဘိုင်း မီဒီယာရုံးနဲ့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနတို့က မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ ဖြစ်ရပ်ကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး လေယာဉ်ပျက်ကျတဲ့နေရာမှာ အခြေအနေကို စီမံခန့်ခွဲနေတယ်လို့ ပြောခဲ့ပါတယ်။
ပျက်ကျမှုရဲ့နောက် ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ မီးခိုးမည်းတွေ လေထဲကို မြင့်တက်လာတာတွေ့ကြရပါတယ်။

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနီယယ်လ် ချောဟန်က ကြေညာချက်တစ်စောင်မှာ အိန္ဒိယစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်ရာထူးအားလုံးဟာ ဖြစ်ရပ်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်ဆိုတာနဲ့ လေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုနဲ့အတူ ခိုင်မာစွာရပ်တည်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Dubai Airshow 2025 ဝက်ဘ်ဆိုက်မှာ အဆိုပါပွဲဟာ ကုမ္ပဏီ ၁၅၀၀ က တက်ရောက်သူနဲ့ ပါဝင် ပြသသူ ၁၄၈,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
လေကြောင်းပြပွဲကို နိုဝင်ဘာလ ၁၇ ရက်က စတင်လို့ AL Maktoum အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး အသက်ဆုံးရှုံးမှုဖြစ်ရတဲ့ လေယာဉ်ပျက်ကျမှုဟာ လေကြောင်းပြပွဲရဲ့နောက်ဆုံးနေ့မှာ ဖြစ်ခဲ့တာပါ။
Ref- BBC
