၂၁.၁၁.၂၀၂၅
Photo by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်တို့ကနေ ဝင်ရောက်ရွေးကောက်ခံယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလောင်းသုံးဦးက ဒီနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ သူတို့ပါဝင်ရွေးကောက်ခံမယ့် မြို့နယ်တွေအတွင်း ဆိုင်းဘုတ်တင်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။






နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လူအများကောင်းစားရေးဆိုတဲ့ မူဝါဒကို လက်ကိုင်ထားပြီး အလယ်အလတ်လမ်းစဉ်ကျင့်သုံးတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနေ ရန်ကုန်အနောက်ပိုင်းခရိုင်အတွက် ဝင်ရောက်ရွေးကောက်ခံသူ ကိုယ်စားလှယ်သုံးဦးက အသက်လေးဆယ်ဝန်းကျင်အရွယ် လူလတ်ပိုင်းတွေဖြစ်ကြပါတယ်။ အဆိုပါကိုယ်စားလှယ်လောင်းတွေက စီးပွားရေးပညာရှင်၊ နည်းပညာပိုင်းနဲ့ စီမံအုပ်ချုပ်မှုပိုင်းအတွေ့အကြုံကောင်းတွေရှိခဲ့ကြပြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာက ပါဝင်ရွေးကောက်ခံမယ့်သူက ဦးဇော်မျိုးလင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ဒေါက်တာသန်းဟိန်းစိုးနဲ့ ပန်းဘဲတန်းမြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ ဦးလွင်ဘုန်းအောင်လို့ သိရပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကနေ ဝင်ရောက်ရွေးကောက်ခံမယ့် အဆိုပါကိုယ်စားလှယ်လောင်းသုံးဦးစလုံးက လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဟာ သူတို့အတွက် ပထမဆုံး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံမယ့် အတွေ့အကြုံဖြစ်ပေမယ့် ပြည်သူက တာဝန်ပေးအပ်လို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက သူတို့ ကြားခဲ့ရတဲ့၊ ရန်ကုန်မြို့လယ်ခေါင်မှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထု အသံတွေဖြစ်တဲ့ လူမှုစီးပွားခိုင်မာဖွံ့ဖြိုးတိုးတက်စေရေး၊ ညီညွှတ်မျှတပြီး အေးချမ်းတဲ့ လူနေမှုဘဝ တည်ဆောက်နိုင်ရေးနဲ့ မီးစက်သံတွေ ညံနေတဲ့ ရန်ကုန်မြို့လယ်ခေါင် ၂၄ နာရီ မီးရရှိရေး အပါအဝင် မြို့နယ်တွေအတွင်း သန့်ရှင်းသာယာလှပရေးတွေကို အဓိက ဦးစားပေး ဆောင်ရွက်ချင်တယ်လို့ ဆိုပါတယ်။
