သက်တန့်
၂၁. ၁၁. ၂၀၂၅
ဒေါပုံဘက်အဆင်း မဟာဗန္ဓုလတံတားပေါ်မှ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ညနေ ၅ နာရီ ၅၂ မိနစ်အချိန်ခန့်က မဟာဗန္ဓုလတံတား၊ ဒေါပုံဘက်အဆင်းမှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချသည်ဟု သတင်းရရှိသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဥ် နှစ်စီးဖြင့် သွားရောက်၍ ရေထဲမှ ရုပ်အလောင်းကို ငါးဖမ်းလှေအား အကူအညီတောင်း၍ ရွှေဝါထွန်း ၇ ရေယာဥ်ပေါ်မှတစ်ဆင့် ရေထဲမှ ဆယ်ယူကာ သက်ဆိုင်ရာများနှင့် စုပေါင်းကူညီပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

သေဆုံးအမျိုးသမီးမှာ တံတားပေါ် ဖိနပ်ချွတ်ကာ ခုန်ချသွားခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်မှာ ၃၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် မိသားစုကို စုံစမ်းဆဲဖြစ်ပြီး အမည်မသိ နေရပ်မသိဖြစ်နေသဖြင့် လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးက PR – 017 ဖြင့် လက်ခံ စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဥ်ကို ဒေါပုံမီးသတ်တပ်ဖွဲ့၊ ဒေါပုံကြက်ခြေနီ၊ MZK အသင်း၊ ဇွဲအသင်း၊ သစ္စာမဏ္ဍိုင်အသင်းနှင့် ရှင်သန်ရေးကူညီမှုအသင်းတို့အပြင် သက်ဆိုင်ရာကလည်း ဝိုင်းဝန်းကူညီခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း

