၂၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဂျပန်နိုင်ငံဝန်ကြီးချုပ် Mrs.Sanae Takaichi ၏ ထိုင်ဝမ်အရေး ပြောကြားချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
ယခုနိုဝင်ဘာလ အစောပိုင်းက ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက ဂျပန်၏ ရပ်တည်ရှင်သန်ရေးကို ထိခိုက်စေခြင်းကြောင့် စစ်ရေးအရ ဝင်စွက်သွားရမည့်နည်းလမ်းကို ဦးတည်သွားနိုင်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားအား မီဒီယာများက မေးမြန်းမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ဂျပန်ဝန်ကြီးချုပ်သစ်၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး ပြောကြားချက်များကို နိုင်ငံတကာမီဒီယာများတွင် တွေ့ရှိရကြောင်း ပြောကြားခဲ့ပြီး အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ အချက် (၃) ဖြင့် ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ သဘောထားကတော့ (၁) မြန်မာ နိုင်ငံအစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိကြောင်းကိုလည်း မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရချိန်တိုင်းမှာ ထပ်လောင်းအတည်ပြု ခိုင်မာစွာပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
နံပါတ် (၂) အနေဖြင့် “တရုတ်-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်နေတဲ့နိုင်ငံများ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ မြန်မာက အထူးအလေးထား တန်ဖိုးထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
နံပါတ် (၃) အနေဖြင့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ရဲ့ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ်မှာ မြန်မာက လေးစားပြီး ၎င်းအချက်အပေါ်ကာကွယ်ခြင်းကို မြန်မာက အစဉ်အမြဲထောက်ခံရပ်တည်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
