MT News
၂၁. ၁၁. ၂၀၂၅
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိရာ မြဝတီဒေသအတွင်း ကျားဖြန့်ဂိုဏ်းများလည်ပတ်ရာ KK Park ရှိ ကျားဖြန့်အဆောက်အအုံများဖြိုဖျက်မှု ၄၆၃ လုံးသာ ကျန်ရှိတော့သလို ရွှေကုက္ကိုလ်နယ်မြေမှလည်း ဖမ်းဆီးထိန်းသိမ်းထားသူ ၁၀၁၆ ဦး ဖြစ်လာခဲ့သည်ဟု သိရသည်။
Online လိမ်လည်လောင်းကစားမှု ကျူးလွန်သူအများစုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မြဝတီမြို့နှင့် အလှမ်းဝေးကွာသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ်သည်။ အဆိုပါနယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင် EAOs, KNU, KNLA အဖွဲ့များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့များ ဝင်ရောက်လုပ်ကိုင်နေကြသော နယ်မြေများဖြစ်ပြီး ကိုယ်ကျိုးရှာ စီးပွားရေးသမားများသည် ၎င်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online လိမ်လည်လောင်းကစားမှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်။ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများတွင် နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နယ်မြေပြန်လည် ငြိမ်းချမ်းလာချိန်တွင် Online လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများတွင်လည်း Online လိမ်လည် လောင်းကစားမှု အမြစ်ပြတ်ပပျောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် Online လိမ်လည် လောင်းကစားမှုများကျူးလွန်ကြသူများကို လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ Online လိမ်လည် လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည် အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင် ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး ဖောက်ခွဲဖျက်ဆီးခြင်းနည်းပညာများ အသုံးပြု၍ စနစ်တကျ ဖောက်ခွဲ ဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ညနေ ၆ နာရီအထိ လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အဦများ ၆၃၅ ဘီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လော်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၆၃၅ လုံးရှိသည့်အနက် ၁၈၂ လုံးကို ဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၅၃ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၀ ရက်တွင် တတိယနေ့အဖြစ် ရှင်းလင်းမှုများဆက်လက် ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၆ လုံးအတွင်းမှ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံး ပစ္စည်းများကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများအား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင် ရန် ကြိုးစားနေကြသည့် ဗီယက်နမ်နိုင်ငံသား ၃ ဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦး၊ အီသီယိုးပီးယား နိုင်ငံသား ၈၅ ဦး၊ နမေဗီးယားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆၈ ဦး၊ ယုဂန်ဒါ နိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၀ ဦး၊ အိန္ဒိယနိုင်ငံသား ၄၃ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၂၁ ဦး၊ ဘင်္ဂါလားဒေ့ရှ်နိုင်ငံသား ၄ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား ၃ ဦး၊ လိုက်ဘေးရီးယား နိုင်ငံသား ၁ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၇ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦး၊ သီရိလင်္ကာ နိုင်ငံသား ၁ ဦး၊ ကာဇက်စတန်နိုင်ငံသား ၂ ဦး၊ ဥစဘက်ကစ္စတန်နိုင်ငံသား ၃ ဦး စုစုပေါင်း ၄၀၅ ဦးတို့ကို လမ်းဆုံလမ်းခွများ၌ စစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ သို့ဖြစ်၍ ရွှေကုက္ကိုလ် နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသား ၁၀၁၆ ဦးနှင့် Online လိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၀၁၆ ဦးကို မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အဦ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၆၀၀ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


